News

POST TYPE

SPORTS

ရူနီကို အလိုက်ပေး၍ လုကာကုကို ခေါ်ယူရန် မန်ယူ စီစဉ်
14-May-2017 tagged as မန်ယူ

မန်ချက်စတာ၊ မေ ၁၃

မန်ယူအသင်း တာဝန်ရှိသူများသည် အဲဗာတန် တိုက်စစ်မှူး လုကာကုကို ခေါ်ယူရန်အတွက် ၎င်းတို့၏ တိုက်စစ်မှူး ရူနီကို အလိုက်ပေးကမ်းလှမ်းရန် ပြင်ဆင်နေပြီ ဖြစ်ကြောင်း Sportmail က ဖော်ပြထားသည်။

မန်ယူသည် ရူနီ၏ တန်ကြေးကို ပေါင် ၁၇ သန်း သတ်မှတ်ထားပြီး လုကာကုကို ခေါ်ယူရန် မန်ယူနှင့်အပြိုင် ချယ်လ်ဆီးကလည်း စိတ်ဝင်စားမှုများ ရှိနေသည်။

လုကာကုသည် မန်ယူနှင့် ချယ်လ်ဆီး ယှဉ်လာခဲ့ပါက မန်ယူကိုသာ ရွေးချယ်ဖြစ်လိမ့်မည်ဟု ဖွင့်ဟအသိပေးထားပြီး နည်းပြကွန်တီ၏ နည်းစနစ်များမှာ ၎င်းနှင့်ကိုက်ညီခြင်း မရှိဟု လုကာကုက ခံယူထားသည်။

လုကာကုသည် အဲဗာတန် အသင်းဘက်က စာချုပ်သစ် ကမ်းလှမ်းခဲ့သည်ကို ငြင်းဆန်ပယ်ချထားပြီ ဖြစ်ကာ ၎င်းအနေနှင့် လာမည့် ၂၀၁၇-၁၈ ဘောလုံးရာသီအတွက် ရည်မှန်းချက်မှာ ချန်ပီယံလိဂ် ပြိုင်ပွဲဝင်ခွင့်ရအသင်း တစ်သင်းကို ကိုယ်စားပြု၍ ကစားခွင့်ရနိုင်ရေး ဖြစ်သည်ဟု လုကာကုက ပြောကြားထားသည်။

အဲဗာတန်သည် လုကာကု၏တန်ကြေးကို ပေါင်သန်း ၁၀၀ သတ်မှတ်တောင်းဆိုထားပြီး အဲဗာတန်ထံသို့ ရူနီ ပြန်လည်ပြောင်းရွှေ့ရေးတွင် အတားအဆီးတစ်ရပ်သဖွယ် ဖြစ်နေသည်မှာ ရူနီ၏ လုပ်ခလစာပင် ဖြစ်သည်။

ရူနီသည် မန်ယူထံတွင် တစ်ပတ်လုပ်ခလစာ အကျိုးခံစားခွင့်အဖြစ် ပေါင်နှစ်သိန်းခွဲ ရရှိနေပြီး အဲဗာတန်ထံသို့ ပြန်လည်ပြောင်းရွှေ့မည် ဆိုပါက လုပ်ခလစာကို ရူနီဘက်က အတိုင်းအတာတစ်ရပ်အထိ လျှော့ချပေးမှသာလျှင် အဆင်ပြေနိုင်မည့် သဘော ဖြစ်လျက်ရှိသည်။

အဲဗာတန်သည် ရူနီကို အမြင့်ဆုံးအဖြစ် တစ်ပတ်လုပ်ခလစာ ပေါင်တစ်သိန်းသာ ပေးအပ်ဖွယ် ရှိနေပြီး လာမည့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အင်္ဂလန် လက်ရွေးစင်အသင်းကို ကိုယ်စားပြုခွင့် ရနိုင်ရန် ဆန္ဒရှိနေဆဲဖြစ်သော ရူနီမှာ ပုံမှန် ပွဲထွက်ကစားခွင့်ရနိုင်ရေးအတွက် အသင်းပြောင်းရန် ဆုံးဖြတ်ချက်ကို ချမှတ်ထားပြီး ဖြစ်ကြောင်း သတင်းများလည်း ထွက်ပေါ်နေသည်။

တရုတ်ဆူပါလိဂ်ကလပ်အသင်းများ၊ အမေရိကန်မေဂျာလိဂ်ကလပ် အသင်းများနှင့် အရှေ့အလယ်ပိုင်းဒေသက လပ်အသင်းများသည် ရူနီကို ခေါ်ယူရန်  အပြိုင်အဆိုင် စိတ်ဝင်စားနေပြီး ယင်းကလပ်များထံသို့ ပြောင်းရွှေ့ကစားမည် ဆိုပါက ရူနီမှာ မန်ယူတွင် ရရှိနေသည့် လုပ်ခလစာထက် ပိုမိုများပြားသော အကျိုးခံစားခွင့်တစ်ရပ်ကို ရရှိဖွယ်လည်း ရှိနေသည်။

မန်ယူသည် လက်ရှိတွင် အက်သလက်တီကို တိုက်စစ်မှူး ဂရစ်ဇ်မန်းနှင့် ရီးရဲလ်မက်ဒရစ် တိုက်စစ်တောင်ပံကစားသမား  ရိုဒရီဂွက်ဇ်တို့ကို ခေါ်ယူရရှိရန် လွန်စွာနီးစပ်နေပြီ ဖြစ်ကာ မန်ယူအနေနှင့် ချန်ပီယံလိဂ်ပြိုင်ပွဲ ပါဝင်ကစားခွင့်ကို ရရှိသည်နှင့် ယင်းကစားသမား နှစ်ဦးလုံးမှာ အသင်းထံသို့ ပြောင်းရွှေ့ရောက်ရှိလာတော့မည် ဖြစ်ကြောင်း အမည်မဖော်လိုသော မန်ယူအသင်း တာဝန်ရှိသူတစ်ဦးက ပြောကြားထားပြီ ဖြစ်သည်။

E-11