POST TYPE

SPORTS

စီရော်နယ်ဒို၊ ဂါရတ်ဘေးလ်တို့နှင့် သက်ဆိုင်သည့် ကိစ္စများကို Football Leaks ဖွင့်ချ
မက်ဒရစ်၊ မေ ၁၁

ဘောလုံးလောက၏ အတွင်းရေးများကို ထုတ်ဖော်ဖွင့်ချသည့် Football Leaks ဝက်ဘ်ဆိုက်သည် ရီးရဲလ်မက်ဒရစ် ကစားသမားများ ဖြစ်သည့် စီရော်နယ်ဒို၊ ဂါရတ်ဘေးလ်တို့နှင့် သက်ဆိုင်သည့် လူမသိသေးသော အကြောင်းအချင်းအရာများကို ရေးသားအသိပေးလိုက်ပြီ ဖြစ်ကြောင်း Daily Mailက ဖော်ပြထားသည်။

Football Leaks သည် လက်ရှိတွင် Football Leaks; The Dirty Business of Football အမည်ဖြင့်လည်း စာအုပ်ဖြန့်ချိထားပြီ ဖြစ်ပြီး ယင်းစာအုပ်ကို ဂျာမနီ သတင်းစာ Der Spiegel ၏ သတင်းထောက်များ ဖြစ်သည့် ရာဖေးလ် ဘူးခ်ျမန်းနှင့် မိုက်ကယ် ဝူးလ်ဇင်ဂါတို့က Football Leaks ဝက်ဘ်ဆိုက် တာဝန်ရှိသူများနှင့် ပူးပေါင်းရေးသားခဲ့ခြင်း ဖြစ်သည်။

Football Leaks သည် လွန်ခဲ့သည့် ၂၀၁၃ ခုနှစ်၌ စီရော်နယ်ဒိုမှာ လေးနာရီခွဲကြာ အလုပ်တစ်ခုအတွက် ပေါင် ၉၂၀,၀၀၀ အကျိုးခံစားခွင့်တစ်ရပ်ကို ရခဲ့ဖူးကြောင်း ထုတ်ဖော်ရေးသားထားပြီး ယင်းအလုပ်ကို စီရော်နယ်ဒိုနှင့် ပုံရိပ်မူပိုင်ခွင့်စာချုပ် ချုပ်ဆိုထားသော အိုင်ယာလန်နိုင်ငံ အခြေစိုက် လုပ်ငန်းစုတစ်ခုက ချိတ်ဆက်ပေးခဲ့ခြင်း ဖြစ်သည်ဟု ၎င်းတို့က ဆိုသည်။

စီရော်နယ်ဒိုသည် ဆော်ဒီအာရေဗျ ဆက်သွယ်ရေး လုပ်ငန်းတစ်ခု အတွက် ကြော်ငြာဓာတ်ပုံရိုက်ကူးခြင်း၊ အင်္ကျီငါးထည်တွင် အမှတ်တရ လက်မှတ်ရေးထိုးပေးခြင်းနှင့် ၎င်း၏ လူမှုကွန်ရက် စာမျက်နှာများတွင် ကြော်ငြာစာသား နှစ်ခု ရေးသားကာ မန်းရှင်း (Mention) ခေါ်ပေးခဲ့ခြင်းများအတွက် ပေါင် ၉၂၀,၀၀၀ အကျိုးခံစားခွင့်ရခဲ့ခြင်း ဖြစ်ပြီး ယင်းလုပ်ငန်းများ လုပ်ဆောင်ရန် စီရော်နယ်ဒို လေးနာရီခွဲ ဝန်းကျင်သာ အချိန်ပေးခဲ့ရခြင်း ဖြစ်သည်။

ဆော်ဒီအာရေဗျ ဆက်သွယ်ရေး ကုမ္ပဏီသည် စီရော်နယ်ဒို၏ ပုံရိပ်ကို အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိကဒေသတွင် အသုံးပြု၍ ကြော်ငြာခဲ့ခြင်း ဖြစ်ပြီး ကမ္ဘာတစ်ဝန်းတွင် အသုံးပြုခဲ့မည် ဆိုပါက စီရော်နယ်ဒို၏ အကျိုးခံစားခွင့်မှာ ယင်းထက် လွန်စွာမြင့်တက် များပြားသွားနိုင်ကြောင်းလည်း Football Leaks က သုံးသပ်ထားသည်။

Football Leaksသည် ဂါရတ်ဘေးလ်ကို စပါးထံမှနေ၍ ရီးရဲလ်မက်ဒရစ် ဝယ်ယူချိန်တွင် ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ပေးချေခဲ့ရသည်မှာ မဟုတ်မှန်ကြောင်းနှင့် ရီးရဲလ်မက်ဒရစ်မှာ ၎င်းတို့ ပေးချေရမည့် ငွေပမာဏ အားလုံးကို စုပေါင်း၍ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးသစ်ဟု သတ်မှတ်သွားခဲ့ခြင်း ဖြစ်ကြောင်း Football Leaks က အသိပေးထားသည်။

ရီးရဲလ်မက်ဒရစ်သည် ဂါရတ်ဘေးလ်ကို ဝယ်ယူချိန်တွင် လက်ငင်းအဖြစ် ပေါင် ၇၇ သန်းသာ ပေးချေခဲ့ရပြီး လက်ကျန် ရှစ်သန်းကိုမူ ကစားသမား၏ စွမ်းဆောင်ရည်များ အပေါ်တွင် မူတည်၍ ပေးချေသွားမည်ဟု ရီးရဲလ်မက်ဒရစ်က သဘောတူခဲ့ခြင်း ဖြစ်ကြောင်း Football Leaks က ရှင်းပြထားသည်။

E-11