News

POST TYPE

SPORTS

ဘင်နီတက်ဇ် တောင်းဆိုသည့် အပြောင်းအရွှေ့ အသုံးစရိတ်ကို မိုက်အက်ရှ်လေ သဘောတူ
12-May-2017 tagged as ဘောလုံး

နယူးကာဆယ်၊ မေ ၁၁

နယူးကာဆယ်နည်းပြ ဘင်နီတက်ဇ်သည် လာမည့် နွေရာသီကာလ ကစားသမား အပြောင်းအရွှေ့ဈေးကွက် ဖွင့်လှစ်ချိန်တွင် အသင်းကို အင်အားဖြည့်တင်းရန်အတွက် အသင်းပိုင်ရှင် မိုက်အက်ရှ်လေနှင့် ဆွေးနွေးညှိနှိုင်းရာတွင် သဘောတူညီမှုများ ရရှိသွားခဲ့ပြီ ဖြစ်ပြီး ၎င်းတောင်းဆိုသည့် အပြောင်းအရွှေ့ အသုံးစရိတ်ကို ထုတ်ပေးမည်ဟု မိုက်အက်ရှ်လေက ကတိပြုခဲ့ကြောင်း ဘင်နီတက်ဇ်က အသိပေး ပြောကြားသွားခဲ့သည်ဟု Sky Sports က ဖော်ပြထားသည်။

ဘင်နီတက်ဇ်သည် နယူးကာဆယ်အသင်း ပရီးမီးယားလိဂ်သို့ တန်းတက်ခွင့် ရရှိအပြီးတွင် ၎င်းအနေနှင့် အသင်းကို ဆက်လက်ဦးဆောင်ရန်မှာ အသင်းပိုင်ရှင် မိုက်အက်ရှ်လေနှင့် တွေ့ဆုံဆွေးနွေးပြီးသည့် နောက်မှသာ တိကျစွာ အဖြေထွက်ပေါ်နိုင်လိမ့်မည်ဟု ထုတ်ဖော်ဖွင့်ဟခဲ့ပြီး လက်ရှိတွင်မူ အသင်းအတွက် ကစားသမားသစ်များ ခေါ်ယူရန် ဘင်နီတက်ဇ်က အစီအစဉ်များ စတင်ရေးဆွဲနေပြီလည်း ဖြစ်သည်။

ဘင်နီတက်ဇ်သည် ပရီးမီးယားလိဂ် တွင် နယူးကာဆယ်အသင်း ကာလရှည် ရပ်တည်နိုင်ရန်အတွက် ကစားသမားသစ်ငါးဦး အနည်းဆုံး ခေါ်ယူရလိမ့်မည်ဟု သုံးသပ်ထားပြီး မန်စီးတီးအသင်းနှင့် လမ်းခွဲတော့မည် ဖြစ်သော ဝါရင့်ကွင်းလယ်ကစားသမား ယာယာတိုရေးမှာ ဘင်နီတက်ဇ် အလိုရှိသည့် ကစားသမားစာရင်းတွင် ထိပ်ဆုံးနေရာက ပါဝင်လျက် ရှိသည်။

ဘင်နီတက်ဇ်သည် ၎င်းခေါ်ယူလို သည့် ကစားသမားများအနက် အချို့မှာ တန်ကြေးမြင့်မားဖွယ် ရှိသည်ဟု အသိပေးထားပြီး ပရီးမီးယားလိဂ်တွင် မျှော်မှန်းထားသကဲ့သို့ အောင်မြင်မှုများ ရယူနိုင်မည် ဆိုပါက ဘင်နီတက်ဇ် တောင်းဆိုသည့် အပြောင်းအရွှေ့ အသုံးစရိတ်ကို ထုတ်ပေးရန် ၎င်းတို့အနေနှင့် လက်တွန့်နေမည် မဟုတ်ကြောင်း နယူးကာဆယ် စီမံခန့်ခွဲရေး ဒါရိုက်တာ လီချန်လေကလည်း အသိပေးထားသည်။           

E-11