News

POST TYPE

SPORTS

မက်ဆီကို စာချုပ်သစ် ချုပ်နိုင်ရန် ဘာစီလိုနာ နီးစပ်၊ နည်းပြသစ် ရွေးထားပြီးပြီ ဖြစ်ကြောင်း မက်စ်ထရီ အတည်ပြု
ဘာစီလိုနာ၊ မေ ၉

ဘာစီလိုနာအသင်းသည် အသင်းတိုက်စစ်မှူး မက်ဆီကို စာချုပ်သစ် လက်မှတ်ရေးထိုးနိုင်ရန် လွန်စွာနီးစပ်နေပြီ ဖြစ်ကာ စာချုပ်သစ် ချုပ်ဆိုပြီးပါက မက်ဆီ၏ တစ်နှစ်လုပ်ခလစာ အကျိုးခံစားခွင့် ပမာဏမှာ ပေါင် ၂၅ သန်းသို့ မြင့်တက်သွားတော့မည် ဖြစ်ကြောင်း Marca က ဖော်ပြထားသည်။

မက်ဆီနှင့် ဘာစီလိုနာအကြားတွင် စာချုပ်သစ်အတွက် အပြီးသတ်သဘောတူညီမှု ရရှိရန် နီးစပ်နေပြီ ဖြစ်ကြောင်းကို အသင်းဒုဥက္ကဋ္ဌ ဂျော်ဒီမက်စ်ထရီက အတည်ပြု ပြောကြားလိုက်ခြင်း ဖြစ်ပြီး လာမည့် သီတင်းပတ် အနည်းငယ်အတွင်း၌ မက်ဆီနှင့် ဘာစီလိုနာအကြားတွင် စာချုပ်သစ် လက်မှတ်ရေးလိုက်ပြီဟူသော သတင်းကို ၎င်းတို့အနေနှင့် ထုတ်ပြန်ပေးနိုင်ရန် မျှော်လင့်ထားကြောင်းလည်း မက်စ်ထရီက ဆက်လက်အသိပေးသွားခဲ့သေးသည်။

မက်စ်ထရီသည် နည်းပြအင်းနရစ်၏ နေရာကို အစားထိုးမည့် နည်းပြသစ်တစ်ဦးကို ဘာစီလိုနာအသင်း တာဝန်ရှိသူများအားလုံး ညှိနှိုင်းဆွေးနွေး၍ ရွေးချယ်ပြီးသွားခဲ့ပြီ ဖြစ်ကြောင်း တစ်ဆက်တည်း ဖွင့်ဟဝန်ခံသွားခဲ့ကာ နည်းပြသစ်၏ အမည်ကို ထုတ်ပြန်ကြေညာခြင်း မရှိသေးသည်မှာ လက်ရှိနည်းပြ အင်းနရစ်အပေါ် လေးစားမှုကင်းမဲ့ရာ ရောက်သွားမည်ကို စိုးရိမ်၍ ဖြစ်ကြောင်း မက်စ်ထရီက ရှင်းပြသွားခဲ့သည်။

သတင်းမီဒီယာများနှင့် တွေ့ဆုံခဲ့ရာတွင် မက်စ်ထရီက “မက်ဆီနဲ့ ကျွန်တော်တို့အကြားမှာ စာချုပ်သစ်ဆွေးနွေးမှု အဆင်မပြေ ဖြစ်နေတယ် ဆိုတာက သတင်းမှားတွေပါ။ နှစ်ဦးနှစ်ဖက်အကြား နောက်ဆုံးအဆင့် အပြီးသတ်အဖြစ် စကားပြောနေကြပါပြီ။ သိပ်မကြာတော့ပါဘူး။ ရှေ့လာမယ့် သီတင်းပတ်အနည်းငယ် အတွင်းမှာ သတင်းကောင်းတစ်ခုကို ကျွန်တော်တို့ ထုတ်ပြန်ပေးနိုင်တော့မယ်လို့ မျှော်လင့်ထားပါတယ်။ တစ်ဆက်တည်း အသိပေးလိုတာက အင်းနရစ် နေရာမှာ အစားထိုးဖို့ နည်းပြသစ်ကိုလည်း ကျွန်တော်တို့တွေ ရွေးချယ်ပြီးသွားခဲ့ပြီ ဆိုတာပါပဲ” ဟု ပြောကြားသွားခဲ့သည်။

ဘာစီလိုနာအသင်း တာဝန်ရှိသူများည် ဘာစီလိုနာနည်းပြသစ်အဖြစ် လက်ရှိ အသင်းလက်ထောက်နည်းပြ ဟွန်ကားလို့စ် အန်ဇူး၊ ဘီလ်ဘာအိုနည်းပြ ဗယ်လ်ဗာဒီနှင့် အဲဗာတန်နည်းပြ ရော်နယ်ကိုးမန်းတို့ကို လျာထားစာရင်း ထည့်သွင်း၍ စဉ်းစားခဲ့ခြင်း ဖြစ်ပြီး ယင်းနည်းပြသုံးဦးအနက်တွင် ဘာစီလိုနာနည်းပြသစ် ဖြစ်လာရန် ထိပ်ဆုံးနေရာက သတင်းပြေးနေသူမှာ အန်ဇူးဖြစ်သည်။