News

POST TYPE

SPORTS

အာဆင်နယ် ပရိသတ်များ ကွင်းပြင်သို့ ပျော်ရွှင်စွာဖြင့် ထွက်ခွာသွားနိုင်သည်ကို မြင်ခဲ့ရ၍ ဝမ်းသာမိကြောင်း မော်ရင်ညို ဖွင့်ဟ
09-May-2017 tagged as အာဆင်နယ်

မန်ချက်စတာ၊ မေ ၈

မန်ယူနည်းပြ မော်ရင်ညိုသည် အာဆင်နယ်က မန်ယူကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ် အပြီးတွင် အာဆင်နယ် ပရိသတ်များ ကွင်းပြင်သို့ ပျော်ရွှင်စွာဖြင့် ထွက်ခွာသွားနိုင်သည့် မြင်ကွင်းကို မြင်တွေ့ခွင့်ရခဲ့သည့်အတွက် ၎င်းအနေနှင့် လွန်စွာဝမ်းသာမိပါကြောင်း ဖွင့်ဟပြောကြားသွားခဲ့သည်ဟု Sportmail က ဖော်ပြထားသည်။

မော်ရင်ညိုသည် အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးကို ပြိုင်ပွဲကြီးအဆင့် ပွဲစဉ် ၁၅ ပွဲ ရင်ဆိုင်ရာတွင် ပထမဆုံးအကြိမ်အဖြစ် ရှုံးပွဲကြုံခဲ့ရခြင်းဖြစ်ပြီး အာစင်ဝင်းဂါးကဲ့သို့ ထိပ်သီးနည်းပြတစ်ဦးနှင့် ယှဉ်ပြိုင်ခဲ့သည့် ပွဲများတွင် သမိုင်းမှတ်တမ်းစံချိန်မျာ ရယူနိုင်ခဲ့သည်မှာ ၎င်းအတွက် သာမန်ထက်ပို၍ များစွာထူးကဲကြောင်း မော်ရင်ညို အသိပေးသွားခဲ့သေးသည်။

သတင်းမီဒီယာများနှင့် တွေ့ဆုံခဲ့ရာတွင် မော်ရင်ညိုက “နောက်ဆုံးမှာတော့ ဒီနေရာကို အပျော်တွေနဲ့ ချန်ထားပေးနိုင်ခဲ့ပါပြီ။ အာဆင်နယ် ပရိသတ်တွေ ပျော်ရွှင်နေကြသလို ကျွန်တော်လည်း သူတို့အတွက် ပျော်ရွှင်မိပါတယ်။ ကျွန်တော် တာဝန်ယူတဲ့ အသင်းတွေနဲ့ ယှဉ်ပြိုင်ရတဲ့ ပွဲစဉ်တွေမှာ သူတို့တွေ ပထမဆုံးအကြိမ် ပျော်ရွှင်ခွင့်ရခဲ့ခြင်းပါပဲ။ ဟိုက်ဘူရီမှာ၊ အမ်းမရိတ်စ်မှာ သူတို့ကို အငိုမျက်နှာတွေနဲ့ ကျွန်တော် ထားခဲ့ဖူးပြီးပါပြီ။ လမ်းမတွေထက်မှာ ခေါင်းငိုက်စိုက်ချပြီး အိမ်ပြန်နေခဲ့တဲ့ အာဆင်နယ် ပရိသတ်တွေကို ကျွန်တော် မမေ့သေးပါဘူး။ ဒီနေ့မှာတော့ သူတို့တွေ လည်စီးပုဝါလေးတွေကို လေမှာဝှေ့ယမ်းပြီး ဘောလုံးကွင်းထဲကနေ ထွက်ခွာသွားနိုင်ခဲ့ကြပါပြီ”ဟု ပြောကြားသွားခဲ့သည်။

မော်ရင်ညိုသည် အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးထံ၌ ၎င်းမနှစ်မြို့သည့် အချက်တစ်ခု ရှိကြောင်းလည်း အသိပေးသွားခဲ့ကာ ယင်းအချက်ကြောင့်ပင် ၎င်းနှင့် အာစင်ဝင်းဂါးတို့ ကွင်းနံဘေး၌ အမြဲတစေ ထိပ်တိုက်တွေ့ကြရခြင်း ဖြစ်ကြောင်းလည်း မော်ရင်ညိုက ရှင်းပြသွားခဲ့သည်။

မော်ရင်ညိုသည် အာစင်ဝင်းဂါးက ကွင်းနံဘေးရှိ စတုတ္ထဒိုင်လူကြီးကို ဘောလုံးကွင်းတွင်းဖြစ်စဉ်များ အတွက် အဆက်မပြတ် ဖိအားပေးတတ်လေ့ ရှိသည်ကို ဘဝင်မကျခြင်း ဖြစ်ပြီး ယခုပွဲစဉ်တွင်လည်း မန်ယူ တိုက်စစ်မှူး ရူနီက အာဆင်နယ်တိုက်စစ် တောင်ပံကစားသမား ချိန်ဘာလိန်းကို လူချကစားခဲ့သည့် ဖြစ်စဉ်၌ ရူနီကို အရေးယူရန် အာစင်ဝင်းဂါးက ဖိအားပေး တောင်းဆိုမှုများ ရှိခဲ့သည့်အတွက် ၎င်းနှင့်မော်ရင်ညိုတို့ စကားအချေအတင် ဖြစ်ခဲ့ကြသေးသည်။

သတင်းမီဒီယာများနှင့် တွေ့ဆုံခဲ့ရာတွင် မော်ရင်ညိုက “အာစင်ဝင်းဂါးဆိုတာ တကယ့်ကို ကြီးကျယ်ခမ်းနားတဲ့ နည်းပြတစ်ယောက်ပါ။ သူ့ကို စံချိန်မှတ်တမ်းတွေနဲ့ ပွဲပေါင်းများစွာ အနိုင်ရခဲ့တယ် ဆိုတာက ကျွန်တော့်အတွက်တော့ သာမန်ထက် အများကြီး ပိုပါတယ်။ ပုံမှန်ဆိုတာက အနိုင်၊ သရေနဲ့ အရှုံး ဒီလောက်ပါပဲ။ ဒါပေမဲ့ ဒီနေ့ ရလဒ်ကို ကျွန်တော် ဂရုစိုက်ခြင်း မရှိဘူး ဆိုတာကတော့ အမှန်ပါပဲ။ အာစင်ဝင်းဂါးနဲ့ ကျွန်တော့်အကြားမှာ ဘာပြဿနာမှ မရှိပါဘူး။ ပွဲမစခင်၊ ပွဲအပြီးနဲ့ ပွဲကစားနေချိန်တွေအတွင်း ကျွန်တော်တို့နှစ်ယောက် လက်ဆွဲနှုတ်ဆက်ဖြစ်ခဲ့ကြပါတယ်။ ကျွန်တော် သူ့ကို သဘောမကျ ဖြစ်ရတာက အချက်တစ်ခုတည်းပါပဲ။ အဲ့ဒါက စတုတ္ထဒိုင်လူကြီးကို အချိန်တိုင်းလိုလို ဖိအားပေးဖို့ ကြိုးပမ်းနေတတ်တာပဲ ဖြစ်ပါတယ်” ဟု ပြောကြားသွားခဲ့သည်။

E-11