POST TYPE

SPORTS

ဘောလုံးရာသီ ပြီးဆုံးချိန်တွင် တော့တီ အနားယူမည်၊ တော့တီကို ဒါရိုက်တာရာထူး ပေးအပ်ရန် ရိုမား စီစဉ်ထား
05-May-2017 tagged as ဘောလုံး

ရောမ၊ မေ ၎

ရိုးမားအသင်း ဂန္ထဝင်ကစားသမားများ အနက်တွင် တစ်ဦးအပါအဝင် ဖြစ်သော အသင်းခေါင်းဆောင် တော့တီသည် လက်ရှိဘောလုံးရာသီ ပြီးဆုံးချိန်တွင် ကစားသမားဘဝ ဖြတ်သန်းမှုကို အဆုံးသတ်တော့မည် ဖြစ်ကာ ကစားသမားဘဝက အနားယူပြီးချိန်တွင် တော့တီမှာ အသင်းဒါရိုက်တာရာထူးဖြင့် ရိုးမားထံတွင် ဆက်ရှိနေမည် ဖြစ်ကြောင်းကိုလည်း အသင်းတာဝန်ရှိသူများက အတည်ပြုထားပြီ ဖြစ်သည်ဟု Mail Online က ဖော်ပြထားသည်။

လက်ရှိဘောလုံးရာသီ ပြီးဆုံးချိန်တွင် ကစားသမားဘဝက တော့တီ အနားယူတော့မည့် အကြောင်းကို ရိုးမားအသင်း အားကစား ဒါရိုက်တာသစ် မွန်ချီက အသိပေး ပြောကြားခဲ့ခြင်း ဖြစ်ပြီး လာမည့် ဘောလုံးရာသီတွင် တော့တီနှင့် လက်တွဲ၍ အသင်းကို သွေးသစ်လောင်းရန် အလုပ်လုပ်ရမည်ကို ၎င်းအနေနှင့် စိတ်လှုပ်ရှားနေမိကြောင်းလည်း မွန်ချီက ဖွင့်ဟသွားခဲ့သေးသည်။

အသက် ၄၀ အရွယ်ရှိ တော့တီသည် ၁၉၉၃ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် ရိုးမားက ဘရက်စီယာကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည့် ပွဲစဉ်၌ အရန်ကစားသမားအဖြစ် ပါဝင်ကစားကာ ရိုးမားကစားသမားဘဝကို စတင်ခဲ့ပြီး ရိုးမားတစ်သင်းတည်းတွင် နှစ်ပေါင်း ၂၅ နှစ်ကြာ စွဲစွဲမြဲမြဲ ကစားခဲ့သည်မှာ တော့တီ၏ ကစားသမားဘဝ ဖြတ်သန်းမှု ထူးခြားချက်ပင် ဖြစ်သည်။

တော့တီသည် လက်ရှိဘောလုံးရာသီတွင် ရိုးမားအတွက် ပွဲစဉ် ၂၅ ပွဲ ပါဝင်ကစားပေးခဲ့ပြီး ဖြစ်ကာ အသက်အရွယ်နှင့် ကြံ့ခိုင်မှု အခြေအနေအရ ၎င်းကို နည်းပြ စပယ်လက်တီက ပွဲစဉ်အများစုတွင် အရန်ကစားသမား အဖြစ်သာ ထားရှိအသုံးပြုနေခြင်း ဖြစ်သည်။

တော့တီသည် ရိုးမားကို ကိုယ်စားပြု၍ ပြိုင်ပွဲအရပ်ရပ်၌ ပွဲစဉ်ပေါင်း ၇၈၃ ပွဲ ပါဝင်ကစားခွင့် ရရှိခဲ့ရာတွင် အသင်းအတွက် သွင်းဂိုး ၃၀၇ ဂိုး ရယူပေးနိုင်ခဲ့ပြီး မေလ ၂၈ ရက်နေ့တွင် ရိုးမားအသင်းပိုင် အိုလံပီကိုဘောလုံးကွင်း၌ ရိုးမားနှင့် ဂျီနိုအာတို့ ယှဉ်ပြိုင်မည့် စီးရီးအေပွဲစဉ်မှာ ရိုးမားပရိသတ်များကို တော့တီ နှုတ်ဆက်မည့်ပွဲစဉ် ဖြစ်လာတော့မည် ဖြစ်သည်။