News

POST TYPE

SPORTS

အာဆင်နယ်ကို အားနည်းသည့်အသင်းဖြင့် ရင်ဆိုင်ဖွယ်ရှိကြောင်း မော်ရင်ညို အသိပေး
မန်ချက်စတာ၊ မေ ၎

မန်ယူနည်းပြ မော်ရင်ညိုသည် ၎င်းအနေနှင့် ဆဲလ်တာဗီဂိုနှင့် ယှဉ်ပြိုင်ရမည့် ယူရိုပါလိဂ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်တွင် မျှခြေရလဒ်မျိုး ထွက်ပေါ်ခဲ့မည် ဆိုပါက (လက်ရှိအချိန်တွင် ရလဒ်ထွက်ပေါ်နေပြီ ဖြစ်သည်) အာဆင်နယ်နှင့်ပွဲစဉ်ကို အားနည်းသည့်အသင်းဖြင့် ယှဉ်ပြိုင်ရန် ဆုံးဖြတ်ရလိမ့်မည် ဖြစ်ကြောင်း ယူရိုပါလိဂ် ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် အသိပေး ပြောကြားသွားခဲ့သည်ဟု Mail Online က ဖော်ပြထားသည်။

မော်ရင်ညိုသည် ယူရိုပါလိဂ်တွင် ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ရန် အခွင့်အလမ်းကောင်းများ ဖြစ်ပေါ်လာခဲ့ပါက ပရီးမီးယားလိဂ်၌ အဆင့်လေးရယူနိုင်ရေးကို လက်လွှတ်လိုက်ဖွယ် ရှိနေပြီး လက်ရှိတွင် ၎င်းအနေနှင့် လက်ကျန်ပွဲထွက်ကစားသမားများ ဒဏ်ရာအနာတရ မဖြစ်စေရေးကို လွန်စွာသတိထားနေရပြီ ဖြစ်ကြောင်းလည်း မော်ရင်ညိုက ဖွင့်ဟသွားခဲ့သေးသည်။

မော်ရင်ညိုသည် ပရီးမီးယားလိဂ်၌ အဆင့်လေးနေရာတွင် ရပ်တည်၍ ရာသီပိတ်သိမ်းနိုင်ရေးမှာ ၎င်းတို့အတွက် အချိန်နှောင်းသွားခဲ့ပြီဟု ယူဆထားပြီး လွန်ခဲ့သည့် ဧပြီလ၌ ပွဲစဉ်ကိုးပွဲ ယှဉ်ပြိုင်ခဲ့ရခြင်းက ၎င်းတို့၏ မျှော်လင့်ချက်များကို သတ်ပစ်လိုက်ခြင်း ဖြစ်ကြောင်းလည်း မော်ရင်ညိုက ထောက်ပြသွားခဲ့သည်။

မန်ယူသည် လက်ရှိတွင် ပရီးမီးယားလိဂ် အမှတ်ပေးဇယား၌ ရမှတ် ၆၅ မှတ်ဖြင့် အဆင့်ငါးနေရာတွင် ရပ်တည်နေပြီး အမှတ်ပေးဇယား၏ အဆင့်လေးနေရာကို ရယူထားသော မန်စီးတီးနှင့် ၎င်းတို့အကြား ရမှတ်တစ်မှတ်သာ ကွာဟသော်လည်း ပွဲစဉ်ဇယား အခြေအနေအရ ပရီးမီးယားလိဂ်တွင် အဆင့်လေးဖြင့် ရာသီပိတ်သိမ်းနိုင်ရေးမှာ လွန်စွာခက်သွားခဲ့ပြီဟု မော်ရင်ညိုက ယူဆထားသည်။

မော်ရင်ညိုသည် လက်ကျန်ပွဲစဉ် လေးပွဲတွင် အာဆင်နယ်၊ စပါးနှင့် ဆောက်သမ်တန်တို့ကို အဝေးကွင်းပွဲစဉ်များအဖြစ် သုံးပွဲဆက်တိုက် ယှဉ်ပြိုင်ရရန် ရှိနေပြီး ၎င်းတို့အနေနှင့် ပြိုင်ပွဲနှစ်ရပ်လုံးကို အာရုံရောက်နေမည် ဆိုပါက ချန်ပီယံလိဂ်ဝင်ခွင့် ရနိုင်မည့် လမ်းကြောင်းနှင့် လွဲချော်သည့် အခြေအနေမျိုး ဖြစ်သွားနိုင်သည်ဟုလည်း မော်ရင်ညိုက ဝန်ခံသွားခဲ့သည်။

ယူရိုပါလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ် မတိုင်မီ ကျင်းပခဲ့သော ပွဲကြိုသတင်းစာရှင်းလင်းပွဲ အခမ်းအနားတွင် မော်ရင်ညိုက “ဆဲလ်တာဗီဂိုနဲ့ပွဲမှာ ဘယ်လိုရလဒ်မျိုး ထွက်ပေါ်လာမလဲကို ကျွန်တော် စောင့်ကြည့်သွားပါမယ်။ ယူရိုပါလိဂ် ဗိုလ်လုပွဲဆီကို ကျွန်တော်တို့ တက်ရောက်နိုင်မယ့် မျှခြေရလဒ်မျိုး ထွက်ပေါ်လာခဲ့ရင် အာဆင်နယ်နဲ့ပွဲကို အမာခံ ကစားသမားတွေထုတ်ပြီး စွန့်စားကစားတာမျိုး မလုပ်တော့ပါဘူး။ အင်အားနည်းတဲ့ လူစာရင်းကို အသုံးပြုပြီးပဲ အာဆင်နယ်ကို ကစားသွားတော့မှာပါ။ ကျွန်တော်တို့ ဧပြီလတုန်းက ပွဲစဉ်ကိုးပွဲ ကစားခဲ့ရပါတယ်။ အဲ့ဒီကိုးပွဲမှာ ခုနစ်ပွဲက ပရီးမီးယားလိဂ်ပွဲစဉ်တွေပါ။ ပွဲဆက်များလွန်းတာကြောင့် အသင်းကစားသမားတွေ တစ်ယောက်ပြီးတစ်ယောက် ထိခိုက်ဒဏ်ရာ ရသွားခဲ့ရပါတယ်။ အခုအချိန်မှာ ကျွန်တော်တို့ရဲ့ လူစာရင်းက ပြိုင်ပွဲနှစ်ခုကစားဖို့ အတွက် သိပ်အဆင်မပြေပါဘူး။ ဒီတော့ သေချာနိုင်မယ့် စစ်မျက်နှာဘက်ကိုပဲ ကျွန်တော်တို့ ဦးလှည့်ရတော့မှာပါ” ဟု ပြောကြားသွားခဲ့သည်။       

E-11