POST TYPE

SPORTS

မြန်မာယူ-၁၈ အသင်း နည်းပြချုပ် ဘန်လာဘီနှင့် တွေ့ဆုံခြင်း
04-May-2017 tagged as ဘောလုံး

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အာဆီယံယူ-၁၈ ချန်ပီယံရှစ်ပြိုင်ပွဲနှင့် ကမ္ဘောဒီးယားနိုင်ငံတွင် ယှဉ်ပြိုင်ရမည့် အာရှယူ-၁၉ ချန်ပီယံရှစ် ခြေစစ်ပွဲ ယှဉ်ပြိုင်ရန် ရှိနေသည့် မြန်မာယူ-၁၈ အသင်း နည်းပြချုပ် ရာထူးအပြောင်းအလဲ ဖြစ်ခဲ့သည်။ မြန်မာနိုင်ငံသားနည်းပြ ဦးညီညီလတ် နေရာတွင် မြန်မာယူ-၁၅ အသင်း နည်းပြချုပ်အဖြစ် တာဝန်ယူခဲ့သော ပြင်သစ်နိုင်ငံသား ဘန်လာဘီဖြင့် အစားထိုးခဲ့ခြင်း ဖြစ်သည်။ ယင်းကြောင့် မြန်မာယူ-၁၈ အသင်း အာရှအဆင့် ယှဉ်ပြိုင်ခွင့်နှင့် အိမ်ရှင်အဖြစ် ကျင်းပမည့် ပြိုင်ပွဲတွင် အောင်မြင်မှု ရယူနိုင်ရန် ပြင်ဆင်နေသည့် အခြေအနေများကို လေ့ကျင့်ရေး အစီအစဉ်များပြုလုပ်နေသည့် သုဝဏ္ဏကွင်းသို့ သွားရောက်၍ နည်းပြချုပ် ဘန်လာဘီနှင့် တွေ့ဆုံမေးမြန်းထားသည်ကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

Voice ။  ။ ယူ-၁၅ အသင်းကနေ ယူ-၁၈ အသင်းကို ပြောင်းပြီး တာဝန်ယူခိုင်းခဲ့တာက ဘာကြောင့်လဲဗျ။

BLB ။  ။ ဒါကတော့ အဖွဲ့ချုပ်က စီစဉ်ခဲ့တာပါ။ ပထမက အကယ်ဒမီနဲ့ ယူ-၁၅ အသင်းကို တာဝန်ယူပေးဖို့ပါ။ အဖွဲ့ချုပ်ဘက်က ကမ်းလှမ်းလာတဲ့အတွက် ကျွန်တော့်အနေနဲ့ စိန်ခေါ်မှုတစ်ခုကို ရင်ဆိုင်ချင်လို့ လက်ခံဖြစ်တာပါ။

Voice ။  ။ ယူ-၁၈ အသင်းကို အခုမှ စတာဝန်ယူရမှာ ဆိုတော့ ဒီအသင်းအကြောင်း လေ့လာထားတာ ရှိသလား။

BLB ။  ။ ယူ-၁၈ အသင်းပွဲတွေ၊ အမျိုးသမီးလက်ရွေးစင်အသင်းနဲ့ ယူ-၂၂ အသင်းတွေရဲ့ ပွဲတွေ ကြည်ခဲ့ဖူးတယ်။ မြန်မာအသင်းတွေမှာ နည်းဗျူဟာပိုင်းနဲ့ ပတ်သက်တဲ့ အားနည်းချက်တွေ ရှိတယ်။ အဲ့ဒီအသင်းတွေမှာရှိတဲ့ ကစားသမားတွေအနေနဲ့ ဘယ်လိုကစားရမယ်ဆိုတဲ့ နည်းစနစ်ပိုင်းတွေ ကောင်းကောင်းသိပေမယ့် နည်းဗျူဟာပိုင်းမှာတော့ အားနည်းနေတာ တွေ့ရတယ်။ ကျွန်တော့်အနေနဲ့ ပြီခဲ့တဲ့လက ဗီယက်နမ်မှာ ကစားခဲ့တဲ့ ယူ-၁၈ အသင်းပွဲတွေထဲက နောက်ဆုံးနှစ်ပွဲ ကြည့်ခဲ့တယ်။ အဲဒီပွဲမှာ ဘောလုံးထိချက် သုံးချက်လောက်ပြီးတာနဲ့ အမြင့်ဘောတွေနဲ့ ကစားတယ်။ ပြိုင်ဘက်အသင်းကို ဖိအားပေးနိုင်မှု အားနည်းတယ်။ ကစားသမားတွေက တော်တော်လေး ပြေးလွှားနေရတာ တွေ့တယ်။ ဆိုတော့ မိနစ် ၆၀ လောက်မှာ ကစားအားကျသွားတယ်။ အဲဒီလို အမြင့်ဘောတွေနဲ့ ကစားတာက မြန်မာအသင်းရဲ့ အဓိက ပြဿနာ ဖြစ်နေတယ်။ ကျွန်တော့်အနေနဲ့ အဲဒီပြဿနာကို ဖြေရှင်းသွားမှာပါ။

Voice ။  ။ အခု တာဝန်ယူရတဲ့ မြန်မာ ယူ-၁၈ အသင်းက အာဆီယံပွဲနဲ့ အာရှခြေစစ်ပွဲ ကစားဖို့ ရှိနေတယ်။ ဆိုတော့ ပြိုင်ပွဲကြီးတွေ ကစားဖို့ရှိတဲ့အတွက် အသင်းအနေနဲ့ ဘယ်လောက်အထိ စွမ်းဆောင်နိုင်မယ် ထင်သလဲ။

BLB ။  ။ ကျွန်တော်တို့မှာ အောင်မြင်မယ့် အလားအလာတွေ အများကြီး ရှိနေပါတယ်။ ကစားသမားတွေက နားထောင်နိုင်စွမ်း ကောင်းတယ်။ နည်းပြပြောတာကိုလည်း နားလည်လွယ်ကြတယ်။ မြန်မာနိုင်ငံကို ရောက်လာတဲ့ နိုင်ငံခြားသားနည်းပြ အများစုက ကစားကွက်ကို အာရုံစိုက်ကြတယ်။ ကျွန်တော့် အယူအဆကတော့ အဲဒီလို မဟုတ်ဘူး။ ခံစစ်ကနေ တိုက်စစ်ကို ကူးပြောင်းဖို့ ရှိတယ်။ ကစားသမား ၁၁ ဦးစလုံးသာ တွဲကစားတတ်ရင် ပြီးသွားပြီ။ အဲဒါက အဓိကလို့ ထင်တယ်။

Voice ။  ။ ယူ-၁၈ အသင်းကို အခုမှစပြီး တာဝန်ယူရမယ့် အနေအထားဆိုတော့ အောင်မြင်မှုရဖို့ ဘယ်လိုပြင်ဆင်ရမလဲ။

BLB ။  ။ ကျွန်တော်တာဝန်ယူရမယ့်အသင်းက ကစားသမားတွေ လိဂ်ပြိုင်ပွဲတွေမှာ ကစားနေတယ်။ အဲဒါကိုတော့ သိပ်ပြီး အာရုံမစိုက်ပါဘူး။ ကျွန်တော်ရဲ့ အဓိကပစ်မှတ်က အာဆီယံပွဲနဲ့ အာရှခြေစစ်ပွဲပါ။ အဲဒီပွဲတွေက အရေးကြီးပါတယ်။ ကျွန်တော်တို့ အပတ်တိုင်း ပြိုင်ပွဲတွေ ကစားနေတယ်။ ပြီးရင် ပြန်လေ့ကျင့်မယ်။ ဒါဆိုရင် အဲဒီပွဲတွေက အမှားတွေကို ပြန်ပြင်ဆင်ပြီး ဖြစ်နေမယ်။ ပြိုင်ပွဲသွားတဲ့ အချိန်ကျရင် တော်တော်လေး ပြင်ဆင်ပြီး ဖြစ်နေလိမ့်မယ်။ ပြိုင်ပွဲတွေမှာ ကျွန်တော့်ကစားသမားတွေဟာ သူတို့ထက်ထွားတဲ့ ကစားသမားတွေ၊ အတွေ့အကြုံရင့်တဲ့ ကစားသမားတွေနဲ့ ကစားရလိမ့်မယ်။ အဲဒီအခါကျရင် ဘယ်လိုကစားရမယ် ဆိုတာ ကစားသမားတွေကို သင်ပေးမယ်။ ဘောလုံးဆုံးရှုံးနေတဲ့အချိန်မှာ ဘယ်လိုကစားရမယ်။ ဘယ်လိုခုခံမလဲ။ ဘောလုံးပြန်ရရင် ဘယ်လိုကစားမလဲ။ ဘောလုံးပြန်ရတာနဲ့ လျင်လျင်မြန်မြန်နဲ့ တန်ပြန်တိုက်စစ်ကို ဘယ်လိုကစားမလဲ ဆိုတာတွေ ပြင်ဆင်ပေးမှာပါ။ ဘောလုံးမရှိတဲ့ အချိန်မှာက အသင်းအတွက် ပိုအရေးကြီးပါတယ်။ အဲဒီလိုအချိန်မှာ ဘယ်လိုကစားရမယ်ဆိုတာ အဓိက ပြင်ပေးဖို့ ရှိတယ်။

Voice ။  ။ လက်ရှိမှာရော အသင်းက အားနည်းချက် ဘာတွေရှိလဲ။ အားမရတဲ့ အပိုင်းတွေရော ရှိသလား။ 

BLB ။  ။ ကျွန်တော့်အနေနဲ့ ဘောလုံးပိုင်ဆိုင်မှုကို ဦးစားပေးလုပ်မှာပါ။ ဘောလုံးပိုင်ဆိုင်မှု ရှိနေချိန်မှာ ကစားသမားတွေကို အချက်ပြလိုက်တာနဲ့ ချက်ချင်းတိုက်စစ်ကို ကူးပြောင်းတာမျိုး အဓိက လေ့ကျင်ပေးသွားမှာပါ။ လက်ရှိမှာ မြန်မာအသင်းတွေ ဖြစ်နေတာက ခုနက ပြောသလို ဘောလုံး သုံးလေးကြိမ် ထိပြီးတာနဲ့ အဝေးဘောနဲ့ သွားတော့ ဘောလုံးဆုံးရှုံးမှုတွေ ဖြစ်တယ်။ အဝေးဘောနဲ့ သွားတာက ဘောလုံးဆုံးရှုံးဖို့ ၉၀ ရာခိုင်နှုန်းလောက် ရှိတဲ့အတွက် အဲဒါကို ပြင်ရမယ်။ ကျွန်တော့်အနေနဲ့က ဘောလုံးပိုင်ဆိုင်မှုကို ဦးစားပေးကစားမှာ ဆိုတော့ အရင်အသင်းတွေနဲ့ မတူနိုင်ပါဘူး။

Voice ။  ။ အသင်းရဲ့ ပထမဆုံး လေ့ကျင့်ရေးရက်မှာ ကစားသမားတွေရဲ့ အနေအထားကရော။

BLB ။  ။ ကျွန်တော့်ရဲ့ ပထမဆုံး လေ့ကျင့်ရေး အစီအစဉ်မှာ ကျွန်တော်တကယ် အံ့အားသင့်ခဲ့ရပါတယ်။ ယူ-၁၅ အသင်းမှာ စပြီး တာဝန်ယူ-လေ့ကျင့်တုန်းကလဲ အဲဒီလိုပါပဲ။ ကစားသမားတွေမှာ ကိုယ်စီအရည်အသွေး ရှိတယ်။ ဒါပေမဲ့ အဲဒီအရည်အသွေးတွေက သူတို့ရဲ့ အတွင်းပိုင်းမှာ ဖြစ်နေပါတယ်။ အဲဒီဟာတွေ အပြင်ကို ထွက်လာအောင် လုပ်ပေးရမယ့်တာဝန်က ကျွန်တော့်တာဝန်ပါ။

Voice ။  ။ ဒီပြိုင်ပွဲတွေမှာ အောင်မြင်မှုရဖို့အတွက် ခင်ဗျားဆီမှာ ဖိအားတစ်စုံတစ်ရာ ရှိနေသလားဗျ။

BLB ။  ။ အသင်းအောင်မြင်အောင် လုပ်ဆောင်ပေးဖို့အတွက် ကျွန်တော့်မှာ ဖိအားလုံးဝ မရှိပါဘူး။

Voice ။  ။ လက်ရှိမြန်မာအသင်းတွေနဲ့ အိမ်နီးချင်း အသင်းတွေကြားမှာ ကွာဟမှု ဘယ်လောက်ရှိတယ် ထင်သလဲ။

BLB ။  ။ အိမ်နီးချင်းနိုင်ငံတွေနဲ့ သိပ်မကွာပါဘူး။ နည်းစနစ်ပိုင်းမှာလည်း သိပ်မကွာကြဘူး။ ဒါပေမဲ့ သူတို့တွေ တိုးတက်နေကြပါတယ်။ ကျွန်တော်တို့ဆီမှာလည်း ဒီအတိုင်းပါပဲ။ ကျွန်တော်တို့အနေနဲ့ အကောင်းဆုံးဖြစ်အောင် အမြဲတမ်းကြိုးစားနေမှာပါ။ ဒါပေမဲ့ ဘောလုံးက ဘောလုံးပါပဲ။ တခါတလေ ခင်ဗျားအသင်းက အသာရပြီး ဂိုးသွင်းခွင့်တွေ ရနေပေမယ့် ရှုံးသွားနိုင်တာပါပဲ။ ဒါကတော့ ဘောလုံးပါပဲ။ ကျွန်တော့်မှာ ဖိအားရှိနေမယ် ဆိုရင်တောင့် ကျွန်တော့်ကစားသမားတွေကို ပြလို့မရဘူး။ အဲဒီအတွက် ကျွန်တော်တို့အားလုံး ကိုယ့်အလုပ်ကိုကိုယ် အကောင်းဆုံးဖြစ်အောင် လုပ်သွားရမှာပါ။

Voice ။  ။ မြန်မာအသင်းအနေနဲ့ အသင်းကြီးတွေနဲ့ ရင်ဆိုင်ရမယ့်ပွဲစဉ်တွေ ပါနေတယ်ဆိုတော့ အသင်းအနေနဲ့ အောင်မြင်မှု ရနိုင်ပါ့မလား။

BLB ။  ။ ကျွန်တော့အနေနဲ့ မျှော်လင့်ပါတယ်။ ကျွန်တော် အာဆီယံပွဲနဲ့ အာရှပွဲတွေမှာ အောင်မြင်မှုရအောင် လုပ်ပေးဖို့ လာခဲ့တာပါ။ ကမ္ဘာ့လှည့် ခရီးသွားတစ်ယောက် အနေနဲ့ လာခဲ့တာ မဟုတ်ဘူး။ အောင်မြင်မှု ရယူပေးနိုင်ဖို့ လာခဲ့တာပါ။ အဲဒါက ကျွန်တော့်ရဲ့ ရည်ရွယ်ချက်ပဲ။ ကျွန်တော်တို့ ရှုံးစရာအကြောင်း မရှိဘူး။ ဂျပန်၊ တရုတ်၊ ကိုရီးယား ဘယ်အသင်းကိုမှ ကြောက်နေမှာ မဟုတ်ဘူး။

Voice ။  ။ ခင်ဗျားတာဝန်ယူမယ့် အသင်းကနေ ၂၀၁၄ ခုနှစ်တုန်းက ကမ္ဘာ့ဖလားကစားခွင့်ရခဲ့တဲ့ အသင်းကလို အောင်သူ၊ ကျော်မင်းဦး၊ ငြိမ်းချမ်းအောင်တို့လို ကစားသမားတွေ မွေးထုတ်ပေးနိုင်မယ ထင်သလား။

BLB ။  ။ ကျွန်တော့်မှာ အယောက် ၅၀ ရှိပါတယ်။ ကစားသမားတွေကို Pressure လေးတွေ ပေးမှာပါ။ အေအသင်းက ကစားသမားကို ဘီအသင်းကို ပို့ရင်ပို့မယ်။ အဲဒီအတွက် ကစားသမားတွေအနေနဲ့ ကြိုးစားမှုကို လျော့လို့မရဘူး။ လျော့တာနဲ့ သာတဲ့သူ ပါသွားမှာဖြစ်လို ကြိုးစားနေရမှရမှာပါ။ အဲလိုကြိုးစားကြမယ့် ကစားသမားတွေကြောင့် အရင်ကလို ကောင်းမွန်တဲ့ ကစားသမားတွေ ပေါ်ထွက်လာမယ်လို့ ထင်ပါတယ်။

Voice ။  ။ အခုလေ့ကျင့်ရေး စနေပြီ ဆိုတော့ အသင်းကို ဘယ်လိုပုံစံနဲ့ ဖွဲ့စည်းသွားမလဲဗျ။ 

BLB ။  ။ ကျွန်တော့်အနေနဲ့ အသင်းကို ကစားသမား ၂၁ ဦးနဲ့ ဖွဲ့စည်းသွားမှာပါ။ ဂိုးသမား လေးဦးပါမယ်။ ကျွန်တော့်နေနဲ့က ဒီနှစ်သင်းက ကစားသမားတွေ အေမှာပဲ ကစားကစား၊ ဘီမှာပဲကစားကစား သိပ်ပြီးဂရုမစိုက်ဘူး။ အကောင်းဆုံးဖြစ်နေမယ့် ၂၁ ယောက်ကိုပဲ ရွေးချယ်မှာပါ။ လေ့ကျင့်ရေးစတဲ့နေ့မှာ ကစားသမားခြောက်ဦး၊ ခုနစ်ဦးလောက်အထိ ကျွန်တော်ပြောတဲ့ နည်းစနစ်အတိုင်း စနစ်တကျ လိုက်ကစားနိုင်တာ တွေ့ရတယ်။

Voice ။  ။ ဘောလုံးပိုင်ဆိုင်မှု အသားပေးတဲ့ ကစားပုံမျိုးနဲ့ တည်ဆောက်မယ်ဆိုတော့ လက်ရှိကစားသမားတွေရဲ့ ခြေစွမ်းကိုကော အားရသလားဗျ။

BLB ။  ။ အသင်းတစ်သင်းမှာ အကုန်လုံးပြည့်စုံတဲ့ ကစားသမားဆိုတာ မရှိဘူး။ ကစားသမားတိုင်းကို လေ့ကျင့်ပေးရမှာပါ။ အရပ်ပုပြီး ဘောလုံးကျွမ်းကျင်တဲ့သူ လိုအပ်သလို အပြေးမြန်တဲ့ ကစားသမားတွေ၊ ကြံ့ခိုင်မှုကောင်းတဲ့ ကစားသမားတွေ လိုတယ်။ တရုတ်မှာတော့ အရပ်ရှည်တဲ့သူကိုပဲ ဦးစားပေး ရွေးပေမယ့် ဘာစီလိုနာမှာတော့ အရပ်ပုပြီး ဘောလုံးအခြေခံကောင်းသူကို ရွေးတယ်။ အဲဒီလိုပါပဲ အားလုံးပြည့်စုံတဲ့သူဆိုတာ မရှိဘူး။

Voice ။  ။ ခင်ဗျားလက်ထက်မှာ မြန်မာအသင်း အောင်မြင်မှုရမယ်၊ ပရိသတ်လ က်ခံလာအောင် စွမ်းဆောင်ပြနိုင်မယ်လို့ ယုံကြည်သလား။

BLB ။  ။ မြန်မာအသင်းကို ဘယ်အသင်းကမှ အထင်ကြီးမှာ မဟုတ်ဘူး။ တရုတ်ဆို ပိုဆိုးပါတယ်။ သူတို့က သူတို့ကိုယ်သူတို့ပဲ။ အထင်ကြီးကြတယ်။ ဘောလုံးမှာ မိနစ် ၉၀ အတွင်း ဘာမဆို ဖြစ်သွားနိုင်ပါတယ်။ ဘယ်သူမှ အတိအကျပြောလို့ မရဘူး။ တရုတ်မှာ ယှဉ်ပြိုင်ရမယ့်ပွဲမှာ အောင်မြင်ချင်ပါတယ်။ အဲဒီပွဲမတိုင်ခင်မှာ အသင်းရဲ့ အဓိကပုံစံအတိုင်း ကစားပြမှာ မဟုတ်ဘဲ သူတို့ကို ကျွန်တော့်တို့ရဲ့ ပုံစံအမှားကိုပဲ ကစားပြမှာပါ။ တကယ့်ပွဲကျမှ ကျွန်တော်တို့ရဲ့ ပုံစံအမှန်ကို ထုတ်ပြမှာပါ။ ကျွန်တော် ဒီအသင်းနဲ့အတူ အံ့အားသင့်စရာတွေကို စွမ်းဆောင်ပြချင်ပါတယ်။  

စည်သူအောင်မျိုးကျော်