News

POST TYPE

SPORTS

မန်ယူအသင်း တည်းခိုရာ ဟိုတယ်ကို လေ့ကျင့်ရေးခွေးများဖြင့် ရှာဖွေစစ်ဆေးပေး
28-Apr-2017 tagged as မန်ယူ

မန်ချက်စတာ၊ ဧပြီ ၂၇

ဂရိတ်တား မန်ချက်စတာ ရဲတပ်ဖွဲ့သည် မန်စီးတီးနှင့် မန်ယူတို့ ယှဉ်ပြိုင်ကစားခဲ့သည့် မန်ချက်စတာဒါဘီ ပရီးမီးယားလိဂ်ပွဲစဉ် မတိုင်မီတွင် မန်ယူအသင်း တည်းခိုရာ လိုရီဟိုတယ်ကို လေ့ကျင့်ရေးခွေးများဖြင့် စစ်ဆေးရှာဖွေမှုများ ဆောင်ရွက်ပေးခဲ့ပြီး ယင်းသို့ လုပ်ဆောင်ခဲ့သည်မှာ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်များ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။

ဒေါ့မွန်နှင့် မိုနာကိုတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ် မတိုင်မီတွင် ဒေါ့မွန်အသင်း စီးနင်းလိုက်ပါမည့် ဘတ်စ်ကားအနီး၌ ပေါက်ကွဲမှုသုံးကြိမ် ဖြစ်ပွားခဲ့ပြီး ယင်းဖြစ်စဉ်နောက်ပိုင်းတွင် သက်ဆိုင်ရာ ဘောလုံးအဖွဲ့ချုပ် အသီးသီးက နိုင်ငံတွင်းရှိ ဘောလုံးကလပ် အသင်းများကို လုံခြုံရေးဂရုပြုရန် ကြေညာချက် ထုတ်ပြန်ထားပြီ ဖြစ်သည်။

ဂရိတ်တား မန်ချက်စတာ ရဲတပ်ဖွဲ့သည် မန်စီးတီးနှင့် မန်ယူတို့၏ ပရီးမီးလိဂ်ပွဲစဉ်ကို လက်နက်ကိုင်လုံခြုံရေး အစောင့်အရှောက်များ တိုးမြှင့်စီစဉ်ပေးကာ ယှဉ်ပြိုင်ကစားစေခဲ့ခြင်း ဖြစ်ပြီး အင်္ဂလန်နိုင်ငံရှိ ဘောလုံးကလပ်အသင်းများ အနက်တွင် မန်ယူမှာ အကြမ်းဖက်တိုက်ခိုက်ခံရနိုင်ခြေ အမြင့်မားဆုံးအသင်း ဖြစ်ကြောင်းလည်း တာဝန်ရှိသူများက သတိပေးစကား ပြောကြားထားသည်။

ဂရိတ်တား မန်ချက်စတာ ရဲတပ်ဖွဲ့သည် မူးယစ်ဆေးနှင့် ဗုံးများ ရှာဖွေရန်အတွက် အထူးလေ့ကျင့်ပေးထားသော ခွေးများဖြင့် မန်ယူအသင်း တည်းခိုမည့် ဟိုတယ်ခန်းများကို စစ်ဆေးပေးခဲ့ခြင်းဖြစ်ကာ စိတ်ချရသည့် အခြေအနေ ဖြစ်ကြောင်း အတည်ပြုချက် ရရှိပြီးမှသာလျှင် မန်ယူနည်းပြ မော်ရင်ညိုနှင့် မန်ယူကစားသမားများကို ဟိုတယ်အတွင်းသို့ ဝင်ရောက်ခွင့် ပေးအပ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ရှင်းပြထားသည်။