News

POST TYPE

SPORTS

ရီးရဲလ်မက်ဒရစ်သို့ ဒီဂီယာ ပြောင်းရွှေ့ရန် နီးစပ်၊ အစားထိုးမည့် ဂိုးသမားသစ် လျာထားစာရင်းကို မော်ရင်ညို ရေးဆွဲ
27-Apr-2017 tagged as မန်ယူ

မက်ဒရစ်၊ ဧပြီ ၂၆

မန်ယူဂိုးသမား ဒီဂီယာသည် လာမည့် နွေရာသီကာလ ကစားသမား အပြောင်းအရွှေ့ဈေးကွက် ဖွင့်လှစ်ချိန်တွင် ရီးရဲလ်မက်ဒရစ်ထံသို့ ပြောင်းရွှေ့ကြေးပမာဏ ပေါင်သန်း ၆၀ အထက်နှင့် ပြောင်းရွှေ့ရန် လွန်စွာနီးစပ်နေပြီ ဖြစ်ပြီး ဒီဂီယာ အပြောင်းအရွှေ့အတွက် အေးဂျင့် ဂျော့ခ်ျမန်ဒက်စ်ထံက တစ်ဆင့် ရီးရဲလ်မက်ဒရစ်က ဆွေးနွေးမှုများ စတင်နေပြီ ဖြစ်ကြောင်း Sportmail က ဖော်ပြထားသည်။

မန်ယူအသင်း တာဝန်ရှိသူများသည် ဒီဂီယာကို တစ်ပတ်လုပ်ခလစာ ပေါင်နှစ်သိန်းခွဲဝန်းကျင် ပေးချေ၍ စာချုပ်သစ်ချုပ်ဆိုရန် ကြိုးပမ်းနေသော်လည်း အောင်မြင်မှုရနိုင်ရန် အခွင့်အလမ်း လွန်စွာနည်းပါးနေပြီး ဂျော့ခ်ျမန်ဒက်စ်မှာ မန်ယူနည်းပြ မော်ရင်ညိုနှင့် ဂိုးသမား ဒီဂီယာတို့ နှစ်ဦးလုံး၏ အေးဂျင့်အဖြစ် တာဝန်ယူထားသူ ဖြစ်၍ အပြောင်းအရွှေ့ အဆင်ပြေစေရန် အကောင်းဆုံး ညှိနှိုင်းပေးနိုင်လိမ့်မည်ဟု ရီးရဲလ်မက်ဒရစ်အသင်း တာဝန်ရှိသူများက အခိုင်အမာ ယုံကြည်ထားသည်။

ရီးရဲလ်မက်ဒရစ်သည် လွန်ခဲ့သည့် ၂၀၁၅ ခုနှစ် နွေရာသီကာလ ကစားသမား အပြောင်းအရွှေ့ဈေးကွက် နောက်ဆုံးနေ့ရက်တွင် ဒီဂီယာကို ပြောင်းရွှေ့ကြေး ပမာဏ ပေါင်သန်း ၃၀ ဝန်းကျင်ဖြင့် ခေါ်ယူရရှိနိုင်ရန် အနီးစပ်ဆုံး အနေအထားသို့ ရောက်ခဲ့ဖူးသော်လည်း အပြောင်းအရွှေ့ အပြီးသတ်ရန် နှစ်ဖက်အသင်းအကြား စာရွက်စာတမ်းများ လွှဲပြောင်းပေးပို့ရာတွင် သတ်မှတ်ထားချိန် ကျော်လွန်သွားခဲ့သည့်အတွက် အပြောင်းအရွှေ့ ပျက်ပြယ်သွားခဲ့ရခြင်း ဖြစ်သည်။

အသက် ၂၆ နှစ် အရွယ်ရှိ ဒီဂီယာသည် လက်ရှိဘောလုံးရာသီ ပြီးဆုံးချိန်တွင် မန်ယူနှင့် စာချုပ်သက်တမ်း ၂ နှစ်သာ ကျန်ရှိတော့မည်ဖြစ်ကာ အပြောင်းအရွှေ့ သတင်းလှုပ်ခတ်များကြောင့် ဒီဂီယာအနေနှင့် လက်ကျန် ရာသီသိမ်းပွဲစဉ်များတွင် အာရုံစူးစိုက်မှုများ လျော့ကျလာမည်ကို နည်းပြမော်ရင်ညိုက စိုးရိမ်မှုများ ရှိနေသည်။

ဒီဂီယာသည် ၂၀၁၁ ခုနှစ်တွင် အက်သလက်တီကိုမှနေ၍ မန်ယူထံသို့ ပြောင်းရွှေ့ကြေး ပမာဏ ပေါင် ၁၈ ဒသမ ၉ သန်းဖြင့် ရွှေ့ပြောင်းရောက်ရှိလာခဲ့ပြီး လက်ရှိတွင် မန်ယူကစားသမားဘဝ ဖြတ်သန်းမှုအတွင်း ဒီဂီယာက ပွဲစဉ်ပေါင်း ၂၆၅ ပွဲ ပါဝင်ကစားပေးခဲ့ပြီး ဖြစ်သည်။

ဒီဂီယာသည် ယင်းပွဲစဉ် ၂၆၅ ပွဲတွင် ပေးဂိုးအရေအတွက် ၂၆၀ သာ ရှိခဲ့ပြီး ဂိုးမပေးရသည့် ပွဲစဉ်အရေအတွက် ၉၅ ပွဲ ပိုင်ဆိုင်ရရှိခဲ့ကာ မန်ယူကစားသမားဘဝ ဖြတ်သန်းမှုအတွင်း ဒီဂီယာက ပရီးမီးယားလိဂ်ပြိုင်ပွဲ၊ အက်ဖ်အေဖလားနှင့် လိဂ်ဖလား ပြိုင်ပွဲတို့တွင် တစ်ကြိမ်စီ ချန်ပီယံဖြစ်ခွင့် ရရှိခဲ့ပြီးလည်း ဖြစ်သည်။

မန်ယူနည်းပြ မော်ရင်ညိုသည် ဒီဂီယာကို လက်လွှတ်လိုက်ရရန် သေချာလုနီးပါး ရှိလာခဲ့သည့်အတွက် ယင်းကွက်လပ်ကို အစားဖြည့်ရန် ဂိုးသမားသစ်တစ်ဦး စတင်ရှာဖွေနေပြီ ဖြစ်ပြီး မော်ရင်ညိုမှာ လွန်ခဲ့သည့် ရက်အနည်းငယ်ခန့်ကပင် မန်ယူဂိုးသမားသစ် လျာထားစာရင်းကို ရေးဆွဲလိုက်ကြောင်း အသင်းတာဝန်ရှိသူတစ်ဦးကလည်း အသိပေးထားပြီ ဖြစ်သည်။ 

E-11