News

POST TYPE

SPORTS

ပရီးမီးယားလိဂ် ကစားသမားဟောင်းတစ်ဦး ဖြစ်သည့် အီဟိုဂူ ကွယ်လွန်
21-Apr-2017 tagged as ဘောလုံး

လန်ဒန်၊ ဧပြီ ၂၁

စပါးယူ-၂၃ အသင်းနည်းပြအဖြစ် တာဝန်ထမ်းဆောင်နေသော ပရီးမီးယားလိဂ် ကစားသမားဟောင်းတစ်ဦး ဖြစ်သည့် ယူဂို အီဟိုဂူသည် ယနေ့ (ဧပြီလ ၂၁ ရက်)နံနက်ပိုင်းတွင် နှလုံးရောဂါဖြင့် ကွယ်လွန်သွားခဲ့ကြောင်း The Sun က ဖော်ပြထားသည်။

အီဟိုဂူသည် ယမန်နေ့က စပါးယူ-၂၃ အသင်း၏ လေ့ကျင့်ရေး အစီအစဉ်တွင် နှလုံးဖောက်ကာ လဲကျသွားခဲ့ပြီး စပါးအသင်း ဆေးအဖွဲ့ တာဝန်ရှိသူများက ၎င်းကို လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုများ ပေးအပ်အပြီးတွင် ချက်ချင်းပင် ဆေးရုံသို့ တင်ပို့ပေးလိုက်ကြသည်။

အီဟိုဂူသည် ဆေးရုံသို့ ရောက်ရှိအပြီးတွင် ကုသမှုများ ဆက်လက်ခံယူခွင့် ရခဲ့သော်လည်း ယနေ့ နံနက်တွင် ကွယ်လွန်သွားခဲ့ကာ ကွယ်လွန်ချိန်တွင် အီဟိုဂူ၏ အသက်မှာ ၄၄ နှစ်အရွယ်သာ ရှိသေးသည်။

အီဟိုဂူ ကွယ်လွန်ချိန်တွင် ၎င်း၌ ဇနီးသည်ဂမ်မာနှင့် ရင်သွေးငယ်နှစ်ဦး ကျန်ရစ်ခဲ့ပြီး ယခုသီတင်းပတ်အတွင်း ယှဉ်ပြိုင်ကစားရမည့် စပါး ယူ-၂၃ အသင်းနှင့် မန်ယူ ယူ-၂၃ အသင်းတို့၏ ပွဲစဉ်ကို အီဟိုဂူ ကွယ်လွန်မှုကြောင့် ပွဲရွှေ့ဆိုင်းလိုက်ပြီလည်း ဖြစ်သည်။

အီဟိုဂူသည် ပရော်ဖက်ရှင်နယ် ကစားသမားဘ၀ ဖြတ်သန်းမှုအတွင်း ၀က်စ်ဘရွန်း၊ အက်စတွန်ဗီလာ၊ မစ်ဒယ်ဘရော့၊ လိဒ်စ်ယူနိုက်တက်(အငှား)၊ ရိန်းဂျားစ်၊ ရှက်ဖီးယူနိုက်တက်နှင့် ၀င်ဘလေအက်ဖ်စီ အသင်းတို့ကို ကိုယ်စားပြုကစားခဲ့ကာ အင်္ဂလန်လက်ရွေးစင် အသင်းကို လေးပွဲကိုယ်စားပြုခွင့်ရခဲ့ရာ၌ ၎င်းက သွင်းဂိုးတစ်ဂိုး ရယူနိုင်ခဲ့သေးသည်။