News

POST TYPE

SPORTS

ကိုယ်ဝန်လွယ်ထားသည့်အတွက် လက်ကျန်ပြိုင်ပွဲများ အားလုံးကို ဆီရီနာဝီလျံ လွဲချော်မည်
21-Apr-2017 tagged as တင်းနစ်

နယူးယောက်၊ ဧပြီ ၂၀

အမေရိကန် တင်းနစ်မယ် ဆီရီနာဝီလျံသည် လက်ရှိတွင် ပထမဆုံးရင်သွေးကို ကိုယ်ဝန်လွယ်ထားပြီ ဖြစ်ကာ ယင်းအတွက် လက်ရှိတင်းနစ်ရာသီ၏ လက်ကျန်ပြိုင်ပွဲများ အားလုံးကို ဆီရီနာဝီလျံ အနေနှင့် ပါဝင်ယှဉ်ပြိုင်နိုင်တော့မည် မဟုတ်ကြောင်း BBC က ဖော်ပြထားသည်။

အသက် ၃၅ နှစ် အရွယ်ရှိ ဆီရီနာဝီလျံသည် လွန်ခဲ့သည့် ဧပြီလ ၁၉ ရက်နေ့၌ သူမ၏ လူမှုကွန်ရက် စာမျက်နှာထက်သို့ ဓာတ်ပုံတစ်ပုံ လွှင့်တင်၍ ကိုယ်ဝန်လွယ်ထားသည်မှာ သီတင်းပတ် ၂၀ ပြည့်ပြီဖြစ်ကြောင်း အသိပေးခဲ့ကာ လွှင့်တင်ပြီး နာရီအနည်းငယ်အကြာ၌ပင် ယင်းသတင်းကို ဆီရီနာဝီလျံက ပြန်ဖျက်သွားခဲ့သည်။

ဆီရီနာဝီလျံသည် သြစတြေးလျ အိုးပင်းဂရင်းဆလင်း တင်းနစ်ပြိုင်ပွဲတွင် ချန်ပီယံ ဖြစ်ခဲ့ပြီးနောက် သီတင်းပတ် ၁၂ ပတ်အကြာတွင် သူမ ကိုယ်ဝန်လွယ်ထားပြီ ဖြစ်ကြောင်းကို တရားဝင် သတင်းထုတ်ပြန်လိုက်ခြင်း ဖြစ်ပြီး ယင်းအတွက် သြစတြေးလျ အိုပင်းဂရင်းဆလင်း တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲကို ကိုယ်ဝန်သီတင်းရှစ်ပတ်ဖြင့် ယှဉ်ပြိုင်ကာ ဆီရီနာဝီလျံက အနိုင်ရ ဗိုလ်စွဲသွားခဲ့ခြင်း ဖြစ်ကြောင်း အားကစား သတင်းမီဒီယာများက ချီးကျူးရေးသားထားကြသည်။

ဆီရီနာဝီလျံသည် လက်ရှိ ၂၀၁၇ ခုနှစ်အတွင်း ပြင်သစ်အိုးပင်း၊ ဝင်ဘယ်လ်ဒန်တင်းနစ်ပြိုင်ပွဲနှင့် ယူအက်စ်အိုးပင်း အစရှိသည့် ဂရင်းဆလင်း တင်းနစ်ပြိုင်ပွဲတို့ကို ကိုယ်ဝန်လွယ်ထားရခြင်းကြောင့် ပါဝင်ကစားနိုင်တော့မည် မဟုတ်ကြောင်းကို ၎င်း၏ အကျိုးဆောင်များကလည်း တရားဝင် သတင်းထုတ်ပြန်ထားပြီ ဖြစ်ကာ အစောဆုံးအဖြစ် လာမည့် ၂၀၁၈ ခုနှစ် မေလတွင် ကျင်းပမည့် ပြင်သစ်အိုးပင်းဂရင်းဆလင်းပြိုင်ပွဲ စတင်ချိန်သို့ ရောက်မှသာ ဆီရီနာဝီလျံမှာ ပြိုင်ပွဲများ ကစားရန်အတွက် အဆင်သင့်ပြန်ဖြစ်နိုင်လိမ့်မည် ဖြစ်ကြောင်း ၎င်းတို့က ဆက်လက်ရှင်းပြသွားခဲ့ကြသည်။

ဆီရီနာဝီလျံသည် လာမည့် သီတင်းပတ်တွင် အသစ်ထုတ်ပြန်မည့် ကမ္ဘာ့အဆင့်သတ်မှတ်ချက်၌ အဆင့်တစ်နေရာသို့ ပြန်လည်တက်လှမ်းရောက်ရှိလာမည် ဖြစ်ပြီး ကမ္ဘာ့တင်းနစ် အစည်းအရုံးက ထုတ်ပြန်ထားသည့် အထူးအက်ဥပဒေအရ ကလေးဖွားမြင်အပြီး တစ်နှစ်အကြာတွင် ပြိုင်ပွဲများ ပြန်လည်ကစားမည် ဆိုပါက ဆီရီနာဝီလျံမှာ ယင်းအချိန်တိုင်သည်အထိ ကမ္ဘာ့အဆင့်တစ်တင်းနစ်မယ်အဖြစ် သတ်မှတ်ပေးခြင်း ခံထားရမည် ဖြစ်သည်။