News

POST TYPE

SPORTS

ပီအက်ဖ်အေ (PFA) တစ်နှစ်တာ အကောင်းဆုံးအသင်းတွင် ချယ်လ်ဆီးနှင့် စပါးတို့ ကစားသမား အရေအတွက် အများဆုံး ပါဝင်
21-Apr-2017 tagged as ဘောလုံး

လန်ဒန်၊ ဧပြီ ၂၀

ပရော်ဖက်ရှင်နယ် ဘောလုံးကစားသမားများ အစည်းအရုံး (PFA) သည် ၂၀၁၆-၁၇ ဘောလုံးရာသီ စွမ်းဆောင်ရည်များ အပေါ်တွင် မူတည်၍ တစ်နှစ်တာ အကောင်းဆုံးအသင်းကို ရွေးချယ်ထုတ်ပြန်လိုက်ပြီ ဖြစ်ကာ ယင်းအသင်းတွင် ချယ်လ်ဆီးနှင့် စပါးတို့က ကစားသမား အရေအတွက် လေးဦးစီဖြင့် အများဆုံး ပါဝင်ခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။

ပရော်ဖက်ရှင်နယ် ဘောလုံးသမားများ အစည်းအရုံးသည် တစ်နှစ်တာ အကောင်းဆုံးအသင်းကို ၄-၄-၂ ကစားကွက် အခြေခံဖြင့် ရွေးချယ်ခဲ့ခြင်းဖြစ်ကာ အခြားသော ကစားသမားသုံးဦးမှာ မန်ယူ၊ လီဗာပူးနှင့် အဲဗာတန်တို့ကို ကိုယ်စားပြု၍ တစ်ဦးစီ ပါဝင်ခဲ့ခြင်း ဖြစ်ကြောင်း ပရော်ဖက်ရှင်နယ် ဘောလုံးကစားသမားများ အစည်းအရုံးက ရှင်းပြထားသည်။

ပရော်ဖက်ရှင်နယ် ဘောလုံးကစားသမားများ အစည်းအရုံးက ရွေးချယ်လိုက်သည့် တစ်နှစ်တာ အကောင်းဆုံးအသင်းတွင် ချယ်လ်ဆီးကိုယ်စားပြု ကစားသမားများအဖြစ် ဒေးဗစ်လူးဝစ်ဇ်၊ ကာဟေးလ်၊ ကန်တီနှင့် ဟားဇတ်တို့ ပါဝင်ခဲ့ကြပြီး စပါးအသင်း ကိုယ်စားပြုအဖြစ် ရွေးချယ်ခံရသူ လေးဦးမှာ ကိုင်လီဝေါ်လ်ကာ၊ ဒန်နီရို့စ်၊ ဒယ်လ်လီ အယ်လ်လီနှင့် ဟယ်ရီကိန်းတို့ ဖြစ်ကြသည်။

မန်ယူအသင်း ကိုယ်စားပြုကစားသမားအဖြစ် ပရော်ဖက်ရှင်နယ် ဘောလုံးကစားသမားများ အစည်းအရုံးက ရွေးချယ်သည့် တစ်နှစ်တာ အကောင်းဆုံးအသင်းတွင် ပါဝင်လာခဲ့သူမှာ ဂိုးသမား ဒီဂီယာဖြစ်ပြီး လီဗာပူး ကိုယ်စားပြုအဖြစ် တိုက်စစ်တောင်ပံကစားသမား မာနေးနှင့် အဲဗာတန် ကိုယ်စားပြုအဖြစ် တိုက်စစ်မှူး လုကာကုတို့ ရွေးချယ်ခြင်း ခံခဲ့ကြရသည်။

ပရော်ဖက်ရှင်နယ် ဘောလုံးကစားသမားများ အစည်းအရုံးက ၂၀၁၆-၁၇ ဘောလုံးရာသီအတွက် ရွေးချယ်လိုက်သော တစ်နှစ်တာ အကောင်းဆုံးအသင်းတွင် ယမန်နှစ် ဘောလုံးရာသီ တစ်နှစ်တာ အကောင်းဆုံးအသင်းတွင် ပါဝင်ခဲ့သူများအနက်မှ ငါးဦးအထိ ပြန်လည်ပါဝင်လာခဲ့ပြီး ယင်းကစားသမားငါးဦးမှာ ဒီဂီယာ၊ ဒန်နီရို့စ်၊ ဒယ်လ်လီ အယ်လ်လီ၊ ကန်တီနှင့် ဟယ်ရီကိန်းတို့ ဖြစ်ကြသည်။

၂၀၁၆-၁၇ ဘောလုံးရာသီ ပီအက်ဖ်အေ တစ်နှစ်တာ အကောင်းဆုံးအသင်း
-------------------------------------------------------------------------------------
ဂိုး - ဒီဂီယာ(မန်ယူ)
ခံစစ် - ကိုင်လီဝေါ်လ်ကာ(စပါး)၊ ဒေးဗစ်လူးဝစ်ဇ်(ချယ်လ်ဆီး)၊ ကာဟေးလ်(ချယ်လ်ဆီး)၊ ဒန်နီရို့စ်(စပါး)
ကွင်းလယ် - မာနေး(လီဗာပူး)၊ ဒယ်လ်လီ အယ်လ်လီ(စပါး)၊ ကန်တီ(ချယ်လ်ဆီး)၊ ဟားဇတ် (ချယ်လ်ဆီး)
တိုက်စစ် - လုကာကု(အဲဗာတန်)၊ ဟယ်ရီကိန်း(စပါး)