News

POST TYPE

SPORTS

ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ် ဆီမီးဖိုင်နယ်အဆင့် ပွဲစဉ်များကို ယနေ့ မဲခွဲမည်
21-Apr-2017 tagged as ဘောလုံး

နိုင်ယွန်၊ ဧပြီ ၂၀

ဥရောပ ဘောလုံးအဖွဲ့ချုပ် (ယူအီးအက်ဖ်အေ) သည် ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ် ဆီမီးဖိုင်နယ်အဆင့် ပွဲစဉ်များ မဲခွဲပွဲကို ယနေ့ (ဧပြီလ ၂၁ ရက်) တွင် အဖွဲ့ချုပ် အခြေစိုက်ရာ ဆွစ်ဇာလန်နိုင်ငံ နိုင်ယွန်မြို့တွင် ကျင်းပမည်ဖြစ်ပြီး ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဆင့် ပွဲစဉ်များ မဲခွဲပွဲကို မြန်မာစံတော်ချိန် လေးနာရီခွဲ၌ လည်းကောင်း၊ ယူရိုပါလိဂ် ဆီမီးဖိုင်နယ်အဆင့် ပွဲစဉ်များ မဲခွဲပွဲကို တစ်နာရီခြား၍ ညနေ ငါးနာရီခွဲတွင် လည်းကောင်း ကျင်းပသွားမည်ဟု UEFA က ဖော်ပြထားသည်။

ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ် ဆီမီးဖိုင်နယ်အဆင့် ပွဲစဉ်များ မဲခွဲရာတွင် ဆီဒင် အဆင့်သတ်မှတ်ချက် အပါအဝင် အခြားသော ကန့်သတ်ချက်များကို ပယ်ဖျက်၍ မဲခွဲတွဲဖက်သွားမည် ဖြစ်ပြီး ယင်းအတွက် နိုင်ငံတူ အသင်းအချင်းချင်း ထိပ်တိုက်တွေ့ဆုံသည့် အခြေအနေမျိုးလည်း ဖြစ်ပေါ်လာနိုင်ကြောင်း ယူအီးအက်ဖ်အေက ထုတ်ပြန်ကြေညာထားသည်။

ယူအီးအက်ဖ်အေသည် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ ပွဲစဉ်များကို  မေလ ၂ ရက်နှင့် ၃ ရက်တို့တွင် ယှဉ်ပြိုင်ကစားစေမည် ဖြစ်ပြီး ဒုတိယအကျော့ကိုမူ သီတင်းတစ်ပတ်သာခြား၍ မေလ ၉ ရက်နှင့် ၁၀ ရက်တို့တွင် ယူအီးအက်ဖ်အေက ဆက်လက်ကျင်းပသွားလိမ့်မည် ဖြစ်သည်။

ယူအီးအက်ဖ်အေသည် ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်များကို မေလ ၄ ရက်နေ့တွင် ယှဉ်ပြိုင်ကစားစေမည်ဖြစ်ကာ ဒုတိယအကျော့ ပွဲစဉ်များကိုမူ မေလ ၁၁ ရက်နေ့၌ ကျင်းပမည်ဖြစ်ကြောင်း ယူအီးအက်ဖ်အေက အသိပေးထားသည်။

ယူအီးအက်ဖ်အေသည် လက်ရှိ ဘောလုံးရာသီတွင် ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ဇွန်လ ၃ ရက်နေ့၌ ဝေလနိုင်ငံ ကာဒစ်ဖ်မြို့ရှိ ထောင်စုနှစ် ဘောလုံးကွင်းကြီး၌ ယှဉ်ပြိုင်ကစားစေမည်ဖြစ်ပြီး ယူရိုပါလိဂ် ဗိုလ်လုပွဲကိုမူ မေလ ၂၄ ရက်နေ့၌ ဆွီဒင်နိုင်ငံ ဆိုလ်နာမြို့ရှိ ဖရန်းဒ်စ်အရီနာ ဘောလုံးကွင်းတွင် ကျင်းပရန် ယူအီးအက်ဖ်အေက စီစဉ်ထားသည်။                

E-11