News

POST TYPE

SPORTS

ပရီးမီးယားလိဂ်သို့ ဘရိုက်တန်အသင်း တန်းတက်ရောက်
18-Apr-2017 tagged as ဘောလုံး

လန်ဒန်၊ ဧပြီ ၁၈

ချန်ပီယံရှစ်ကလပ် ဘရိုက်တန်အသင်းသည် ယမန်နေ့ည၌ ယှဉ်ပြိုင်ကစားခဲ့သည့် ချန်ပီယံရှစ်ပွဲစဉ် (၄၃) တွင် ၀ီဂန်အသင်းကို နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိပြီးသည့်နောက်၌ လာမည့် ဘောလုံးရာသီတွင် ပရီးမီးယားလိဂ်သို့ တက်ရောက်ကစားခွင့်ရရန် သေချာသွားခဲ့ပြီ ဖြစ်ကြောင်း Mail Online က ဖော်ပြထားသည်။

ဘရိုက်တန်သည် တန်းမဆင်းရရေး ရုန်းကန်နေရသည့် ၀ီဂန်ကို ခက်ခက်ခဲခဲ ယှဉ်ပြိုင်ကစားခဲ့ရပြီး ပွဲကစားချိန် ၃၇ မိနစ်တွင် ဂလင်းမာရေး၊ ပွဲကစားချိန် ၆၅ မိနစ်တွင် ဆော်လမွန်မတ်ခ်ျတို့ သွင်းယူခဲ့သည့် ဂိုးများဖြင့် ဦးဆောင်နိုင်ခဲ့ကာ ၀ီဂန်အတွက် သိက္ခာဆယ်ချေပဂိုး တစ်ဂိုးကိုမူ ပွဲကစားချိန် ၈၅ မိနစ်တွင် ပိုဝယ်လ်က ရယူပေးခဲ့ခြင်း ဖြစ်သည်။

ချန်ပီယံရှစ်ပြိုင်ပွဲသည် လက်ရှိတွင် ဘောလုံးရာသီ ပြီးဆုံးရန်အတွက် ပွဲစဉ်သုံးပွဲသာ ကျန်ရှိတော့ပြီး ဘရိုက်တန်မှာ အမှတ်ပေးဇယား ဒုတိယနေရာတွင် ရပ်တည်နေသော နယူးကာဆယ်ကို ခုနစ်မှတ်၊ အမှတ်ပေးဇယား တတိယနေရာတွင် ရပ်တည်နေသော ရက်ဒင်းကို ၁၃ မှတ်ဖြတ်ကာ တိုက်ရိုက်တန်းတက်ခွင့်ကို ရယူလိုက်ခြင်း ဖြစ်သည်။

ဘရိုက်တန်သည် လက်ကျန်ပွဲစဉ်သုံးပွဲ အနက်တွင် တစ်ပွဲအနိုင်ရရုံမျှဖြင့် ချန်ပီယံရှစ်တွင် ချန်ပီယံဖြစ်ခွင့် ရတော့မည် ဖြစ်ပြီး အသင်းအနေနှင့် အဆင့်မြင့်တန်း အမှတ်ပေးပြိုင်ပွဲ အဆင့်နှင့် ၃၄ နှစ်ကြာ ဝေးကွာခဲ့ရခြင်းကို အောင်မြင်စွာ အဆုံးသတ်လိုက်နိုင်ပြီ ဖြစ်၍ လွန်စွာကျေနပ်ဝမ်းသာ ဖြစ်ရပါကြောင်း ဘရိုက်တန်အသင်း ဥက္ကဋ္ဌ တိုနီဘလွန်းကလည်း တိုက်ရိုက်တန်းတက်ရောက်ခွင့်ကို ရရှိလိုက်အပြီးတွင် ထုတ်ဖော်ပြောဆိုသွားခဲ့သည်။

ဘရိုက်တန်သည် အင်္ဂလန် အမှတ်ပေးပြိုင်ပွဲများတွင် အဆင့်မြင့်တန်းအဆင့်နှင့် ဝေးကွာခဲ့ရသည်မှာ ၁၉၈၃ ခုနှစ်ကတည်းကပင် ဖြစ်ပြီး ယင်းအချိန်က အင်္ဂလန် အဆင့်မြင့်တန်းကို အင်္ဂလန် ပထမတန်း ဘောလုံးပြိုင်ပွဲ အမည်ဖြင့် ကျင်းပဆဲဖြစ်သည်။

နယူးကာဆယ်အသင်းသည်လည်း လက်ကျန်ပွဲစဉ်သုံးပွဲအနက်တွင် တစ်ပွဲအနိုင်ရပါက အမှတ်ပေးဇယား တတိယနေရာရှိ ရက်ဒင်းကို ဂိုးကွာခြားချက် အသာစီးဖြင့် ကျော်ဖြတ်၍ တိုက်ရိုက်တန်းတက်ရောက်ခွင့်ကို ရယူသွားနိုင်ဖွယ် ရှိနေပြီး လက်ကျန်တန်းတက်ရောက်ခွင့် တစ်နေရာ အတွက်မူ ချန်ပီယံရှစ် အမှတ်ပေးဇယား၏ အဆင့်သုံးမှ အဆင့်ခြောက်အတွင်း ရပ်တည်နေသော အသင်းများ ရှုံးထွက်စနစ်ဖြင့် ဆက်လက်ယှဉ်ပြိုင်သွားကြရလိမ့်မည် ဖြစ်သည်။

လက်ရှိတွင် ချန်ပီယံရှစ် အမှတ်ပေးဇယား၏ အဆင့်သုံးမှ အဆင့်ခြောက်အတွင်း၌် ရက်ဒင်း၊ ဟတ်ဒါးစဖီးလ်၊ ရှက်ဖီးဝမ်းနက်စ်ဒေးနှင့် ဖူလ်ဟမ်တို့ အစဉ်အလိုက် ရပ်တည်နေကြသည်။