News

POST TYPE

SPORTS

ထိပ်တန်းကစားသမားများကို အာဆင်နယ် ဆွဲဆောင်နိုင်စွမ်း မရှိတော့ကြောင်း အွန်နရီ သုံးသပ်
16-Apr-2017 tagged as အာဆင်နယ်

လန်ဒန်၊ ဧပြီ ၁၆

ရုပ်သံအစီအစဉ် တင်ဆက်သူအဖြစ် တာဝန်ထမ်းဆောင်နေသည့် အာဆင်နယ် တိုက်စစ်မှူးဟောင်း အွန်နရီသည် အာဆင်နယ်အနေနှင့် ထိပ်တန်းအဆင့်ကစားသမားများကို ဆွဲဆောင်နိုင်စွမ်း တစ်နှစ်ထက်တစ်နှစ် ပိုမိုလျော့ကျလာခဲ့ပြီဟု မှတ်ချက်ပေးလိုက်ပြီဖြစ်ကာ နာမည်ကျော် ကစားသမား အများစုမှာ အာဆင်နယ်ထံသို့ ပြောင်းရွှေ့ကစားလိုခြင်း မရှိတော့ကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားသွားခဲ့သေးသည်ဟု Sky Sports က ဖော်ပြထားသည်။

အွန်နရီသည် အာဆင်နယ်မှာ ၎င်းတို့ကစားခဲ့စဉ်ကကဲ့သို့ မဟုတ်တော့ဘဲ မူဝါဒပိုင်းဆိုင်ရာ များစွာပြောင်းလဲသွားခဲ့ပြီဖြစ်ကြောင်း သုံးသပ်ထားကာ အသင်းတွင် အောင်မြင်မှုများ ဆွတ်ခူးရယူလိုသည့် ရည်မှန်းချက်များ ပျောက်ဆုံးသွားခြင်းမှာ အာဆင်နယ်ထံသို့ ထိပ်တန်းကစားသမားများ မပြောင်းရွှေ့လိုတော့ခြင်း၏ အဓိက အကြောင်းရင်းဟု အွန်နရီက ပြောကြားထားသည်။

အွန်နရီသည် လွန်ခဲ့သည့် ၂၀၁၆ ခုနှစ် နွေရာသီကာလ ကစားသမား အပြောင်းအရွှေ့ဈေးကွက် ဖွင့်လှစ်ချိန်တွင် အာဆင်နယ်အနေနှင့် အလိုရှိသည့် ကစားသမားအချို့ကို လက်လွှတ်လိုက်ရခြင်းမှာ အသင်းကြီးတစ်သင်းဟူသည့် အနေအထားမှနေ၍ လျော့ကျလာခြင်းကြောင့် ဖြစ်ကြောင်း ထောက်ပြသွားခဲ့ပြီး အာဆင်နယ်၏ ပစ်မှတ်များဖြစ်သော ကန်တီ၊ ဗာဒီ၊ ပေါ့ဂ်ဘာ၊ မာနိုလတ်စ်၊ စိန့်မက်ဇီမန်နှင့် ကိုင်တာတို့ အာဆင်နယ်ကို မရွေးချယ်ဘဲ လက်ရှိအသင်းများတွင်သာ ကစားသမားဘဝ ဆက်လက်ဖြတ်သန်းခြင်းနှင့် အခြားသော အသင်းများကို ရွေးချယ်သွားခြင်းတို့မှာ အာဆင်နယ်ကို ကစားသမားများ၏ အထင်ကြီးမှု လျော့ကျလာခြင်း ပြယုဂ်ပင်ဖြစ်သည်ဟု အွန်နရီက အသိပေးသွားခဲ့သည်။

သတင်းမီဒီယာများနှင့် တွေ့ဆုံခဲ့ရာတွင် အွန်နရီက “ချယ်လ်ဆီးနဲ့ မန်ယူတို့ဟာ ဒီနှစ်ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲ ပါဝင်ကစားခွင့်ကို မရခဲ့ကြပါဘူး။ ဒါပေမဲ့ ကန်တီ၊ ဒေးဗစ်လူးဝစ်ဇ်၊ အီဘရာဟီမိုဗစ်၊ ပေါ့ဂ်ဘာနဲ့ အမ်ခီတာယန်တို့လို ကစားသမားတွေကို အဲ့ဒီအသင်းနှစ်သင်းက ဆွဲဆောင်ခေါ်ယူနိုင်ခဲ့ပါတယ်။ ဒီလိုကစားသမားတွေကို ခေါ်ယူစုစည်းနိုင်ခဲ့ခြင်းက သူတို့ဟာ အသင်းကြီးအဆင့်မှာ ရှိနေတုန်းပဲ ဆိုတာကို သက်သေခံနေတဲ့ အမှတ်အသားပါပဲ။ အာဆင်နယ်ကတော့ ထိပ်တန်းအဆင့် ကစားသမားတွေကို ဆွဲဆောင်နိုင်စွမ်း လျော့ကျနေပါပြီ။ အခုမတိုင်ခင်တုန်းကလည်း ဆွာရက်ဇ်၊ ဟားဇတ်၊ ဟီဂူအင်၊ ကိုမန်နဲ့ ဆီဒီဘီတို့လို ကစားသမားတွေက အာဆင်နယ်ကို ငြင်းပယ်ပြီး တခြားအသင်းတွေကို ရွေးသွားခဲ့ကြတာပါ”ဟု ပြောကြားသွားခဲ့သည်။

အွန်နရီသည် အာဆင်နယ်အနေနှင့် ထိပ်တန်းအဆင့် ကစားသမားများကို ခေါ်ယူလိုပါက ထိုက်တန်သည့် ပြောင်းရွှေ့ကြေးပမာဏနှင့် မက်မောဖွယ်ရာ လုပ်ခလစာတို့ကို အသုံးပြုရန် တွန့်တိုမနေသင့်ကြောင်း သတိပေးသွားခဲ့သေးကာ အကယ်၍ အသင်းပေါ်လစီ မူဝါဒများကို အပြောင်းအလဲမလုပ်ဘဲ တင်းခံနေမည် ဆိုပါက အသင်းရှိ ကစားသမားကောင်းများကို လက်လွှတ်ဆုံးရှုံးရသည့် အခြေအနေများပင် အာဆင်နယ်အတွက် ဖြစ်ပေါ်လာနိုင်ကြောင်း အွန်နရီက ဆက်လက်ပြောကြားသွားခဲ့သည်။