News

POST TYPE

SPORTS

ဘောလုံးလောက၏ Benjamin Button ဟု အီဘရာဟီမိုဗစ် ဝင့်ကြွား
မန်ချက်စတာ၊ ဧပြီ ၁၀

မန်ယူတိုက်စစ်မှူး အီဘရာဟီမိုဗစ်သည် ၎င်းမှာ ဘောလုံးလောက၏ Benjamin Button (ဘင်ဂျမင် ဘတ်တန်)ဖြစ်သည်ဟု ဝင့်ကြွားပြောဆိုလိုက်ပြီး အသက်ကြီးလေ ပိုကောင်းလေ ဟူသည့် ခံစားချက်ကို တစ်နေ့ထက်တစ်နေ့ ပိုမို ခံစားမိလာသည်ဟုလည်း အီဘရာဟီမိုဗစ်က အသိပေးသွားခဲ့သေးကြောင်း Daily Mail က ဖော်ပြထားသည်။

အီဘရာဟီမိုဗစ်သည် မန်ယူက ဆန်းဒါးလန်းကို သုံးဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည့် ပရီးမီးယားလိဂ် ပွဲစဉ်တွင် အသင်းအတွက် အရေးပါသည့် အဖွင့်ဂိုးကို ပွဲကစားချိန် မိနစ် ၃၀ ၌ ဆန်းဒါးလန်း ဂိုးပေါက်နှင့် ကိုက် ၂၀ အကွာမှနေ၍ အနိမ့်ဘော ကန်သွင်း ရယူပေးခဲ့ကာ ယင်းဂိုးမှာ လက်ရှိ ဘောလုံးရာသီအတွင်း မန်ယူအတွက် အီဘရာဟီမိုဗစ် ရယူပေးသည့် ၂၈ ဂိုးမြောက် သွင်းဂိုးအဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့သည်။

Benjamin Button ဟူသည် ဘရတ်ပစ်နှင့် ကိတ်ဘလန်ချက်တို့ ခေါင်းဆောင်ပါဝင်သည့် The Curse of Benjamin Button ရုပ်ရှင်ကား၏ အဓိကဇာတ်ကောင်ဖြစ်ကာ ယင်းဇာတ်ကားတွင် မင်းသား ဘရတ်ပစ်က Benjamin Button အဖြစ် သရုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

Benjamin Button ဇာတ်ကောင်သည် မွေးဖွားလာချိန်၌ အသက်အရွယ် အိုမင်းသည့် ရုပ်ဆင်းသဏ္ဍာန်၊ သက်ကြီးရွယ်အိုတို့ကဲ့သို့ အင်အားနည်းပါးမှုများဖြင့် ဘဝကို အစပြုခဲ့ပြီး အသက်အရွယ် ကြီးရင့်လာသည်နှင့်အမျှ ၎င်း၏ရုပ်ဆင်းသဏ္ဍာန်မှာ နုပျိုပြီး လူငယ်တစ်ယောက်ကဲ့သို့ အသွင်ပြောင်းသွားခြင်း ဖြစ်သည်။

အီဘရာဟီမိုဗစ်သည် လက်ရှိတွင် အသက် ၃၀ နောက်ပိုင်း ကာလအတွင်း နိုင်ငံလက်ရွေးစင်အသင်းနှင့် ကလပ်အသင်းကိုယ်စားပြုကစားသမားဘ၀ နှစ်ခုပေါင်း သွင်းဂိုး ၂၅၀ ပြည့်သွားခဲ့ပြီဖြစ်ကာ ယင်းအတွက် ၎င်းက အသက်ကြီးချိန်တွင် ပိုမိုနုနယ်ပျိုမြစ်၍ စွမ်းဆောင်ရည် မြင့်တက်လာသည့် Benjamin Button ဇာတ်ကောင်နှင့် ၎င်းကိုယ်၎င်း ခိုင်းနှိုင်းတင်စားလိုက်ခြင်း ဖြစ်သည်။

သတင်းမီဒီယာများနှင့် တွေ့ဆုံခဲ့ရာတွင် အီဘရာဟီမိုဗစ်က “ကျွန်တော့်ရဲ့ လုပ်နိုင်ကိုင်နိုင်စွမ်းတွေက အဆက်မပြတ် တိုးတက်နေပါတယ်။ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်တုန်းက ဒီလို အသက်အရွယ်ရောက်ရင် ကျွန်တော် ကစားနိုင်ပါဦးမလားဆိုပြီး တွေးပူခဲ့ရတာ အမှန်ပါပဲ။ အခုတော့ တစ်နေ့ထက်တစ်နေ့ ကစားရတာ ပိုကောင်းလာတယ်လို့ ကျွန်တော် ခံစားမိနေပါတယ်။ ပြောရရင် Benjamin Button လို ခံစားမှုမျိုး ကျွန်တော် ရရှိနေတာပါ။ ကျွန်တော်ဟာ အိုမင်းတဲ့ အနေအထားနဲ့ မွေးဖွားလာပြီး နုနယ်ပျိုမြစ်စွာ သေဆုံးသွားမယ်ဆိုတဲ့ ခံစားချက်မျိုးပေါ့”ဟု ပြောကြားသွားခဲ့သည်။