News

POST TYPE

SPORTS

အာစင်ဝင်းဂါးကို စာချုပ်သစ် ချုပ်ခဲ့ပါက နည်းပြအဖွဲ့ကို တာဝန်ရှိသူများ စိတ်ကြိုက် အသစ်ပြင်ဆင် ဖွဲ့စည်းမည်
05-Apr-2017 tagged as အာဆင်နယ်

လန်ဒန်၊ ဧပြီ ၎

အာဆင်နယ်အသင်း တာဝန်ရှိသူများသည် နည်းပြအာစင်ဝင်းဂါးကို စာချုပ်သစ် လက်မှတ်ရေးထိုးဖြစ်ခဲ့ပါက အသင်းစီမံခန့်ခွဲမှုဆိုင်ရာ ကဏ္ဍအရပ်ရပ်ကို အာစင်ဝင်းဂါးစိတ်ကြိုက် ထိန်းချုပ်ခွင့် ပေးအပ်တော့မည်မဟုတ်ဘဲ နည်းပြအဖွဲ့ကိုလည်း ၎င်းင်းတို့စိတ်ကြိုက် အသစ်ပြင်ဆင် ဖွဲ့စည်းရန် အစီအစဉ် ရေးဆွဲထားပြီဖြစ်ကြောင်း Sky Sports က ဖော်ပြထားသည်။

အာဆင်နယ်အသင်း တာဝန်ရှိသူများသည် အာစင်ဝင်းဂါးကို အသင်းနည်းပြအဖြစ် ဆက်လက် ခန့်အပ်မည်ဆိုပါက ကစားသမား အပြောင်းအရွှေ့ကိစ္စများကို စီမံကွပ်ကဲရန်အတွက် အားကစား ဒါရိုက်တာတစ်ဦး ခန့်အပ်လိမ့်မည်ဖြစ်ပြီး ယင်းသို့ ခန့်အပ်ဖြစ်ခဲ့ပါက ကစားသမား ၀ယ်ယူရေးနှင့် ရောင်းချရေးတို့ကို ယင်းအားကစား ဒါရိုက်တာနှင့် ညှိနှိုင်းပြီးမှသာလျှင် အာစင်ဝင်းဂါးက ဆောင်ရွက်ခွင့် ရနိုင်တော့မည်ဖြစ်သည်။

အာဆင်နယ်အသင်း တာဝန်ရှိသူများသည် လာမည့်နွေရာသီကာလ ကစားသမား အပြောင်းအရွှေ့ ဈေးကွက်ဖွင့်လှစ်ချိန်တွင် ဂိုးသမား၊ ဘယ်နောက်ခံ၊ ဗဟိုကွင်းလယ်နှင့် တိုက်စစ်နေရာများအတွက် ကစားသမားသစ်များ ခေါ်ယူရန် စီစဉ်ထားပြီး ယင်းသို့ အသင်းတာဝန်ရှိသူများဘက်က စီစဉ်ထားခြင်းကို အာစင်ဝင်းဂါးက သဘောတူညီမှသာ အာဆင်နယ်ကို ၎င်းဆက်လက် တာဝန်ယူရန် အဆင်ပြေလိမ့်မည်ဖြစ်သည်။

အာဆင်နယ်အသင်း တာဝန်ရှိသူများသည် အာစင်ဝင်းဂါး ဖွဲ့စည်းထားသည့် နည်းပြအဖွဲ့ကို အပြောင်းအလဲများစွာ ဆောင်ရွက်ဖွယ်ရှိနေပြီး အာစင်ဝင်းဂါး၏ လက်ရုံးများအဖြစ် သတ်မှတ်ခံထားရသော ပရီမိုရက်နှင့် ဂျာရီပိုင်တွန်တို့မှာ အာဆင်နယ်နည်းပြအဖွဲ့က ထုတ်ပယ်ခံရမည့်သူများစာရင်းတွင် ထိပ်ဆုံးနေရာက ပါဝင်လျက်ရှိသည်။

အာစင်ဝင်းဂါးသည် ၎င်း၏အနာဂတ်နှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်ကို ထုတ်ပြန်ကြေညာရန် နှောင့်နှေးကြန့်ကြာနေသည်မှာ ယင်းကိစ္စကို အသင်းတာဝန်ရှိသူများနှင့် ဆွေးနွေးညှိနှိုင်းနေရခြင်းကြောင့် ဖြစ်ဖွယ်ရှိသည်ဟု သုံးသပ်ချက်များ ထွက်ပေါ်နေပြီး အသင်းအတွက် အားကစား ဒါရိုက်တာတစ်ဦး ခေါ်ယူဖွယ် ရှိသည့်အကြောင်းကို အာဆင်နယ် အမှုဆောင်အရာရှိချုပ် ဂါဇီဒစ်ကလည်း အရိပ်အမြွက် ဖွင့်ဟ အသိပေးထားပြီဖြစ်သည်။