News

POST TYPE

SPORTS

အာစင်ဝင်းဂါး ရာထူး နုတ်ထွက်ပေးရန် ပရိသတ်နှစ်ဦး လေ့ကျင့်ရေးကွင်းရှေ့တွင် ဆန္ဒပြ
လန်ဒန်၊ ဧပြီ ၎

အာဆင်နယ်အသင်း အားပေးသူ ပရိသတ်နှစ်ဦးသည် နည်းပြအာစင်ဝင်းဂါးကို အသင်းနှင့် စာချုပ်သစ် မချုပ်ဘဲ ရာထူးက နုတ်ထွက်ပေးပါရန် အသင်းလေ့ကျင့်ရေးကွင်းရှိရာသို့ လာရောက် ဆန္ဒပြခဲ့ကြောင်း The Sun က ဖော်ပြထားသည်။

အာဆင်နယ်အသင်း ပရိသတ်နှစ်ဦးသည် အသင်းပိုင် လေ့ကျင့်ရေးကွင်း၏ အပြင်ဘက်မျက်နှာစာတွင် အာစင်ဝင်းဂါးကို အလိုမရှိတော့သည့် စာတမ်းများကပ်၍ ဆန္ဒပြခဲ့ခြင်းဖြစ်ပြီး ဆန္ဒပြသူနှစ်ဦးတွင် တစ်ဦးက အာစင်ဝင်းဂါး မျက်နှာဖုံးကို တပ်ဆင်ထားကာ အခြားတစ်ဦးကမူ တိုက်စစ်မှူးဆန်းချက်ဇ်မျက်နှာဖုံးကို တပ်ဆင်ထားခဲ့သည်။

အာစင်ဝင်းဂါးကို အလိုမရှိတော့သည့် အာဆင်နယ်အသင်း ပရိသတ်များသည် အာဆင်နယ်နှင့် မန်စီးတီးတို့ တစ်ဖက်နှစ်ဂိုးစီ သရေကျခဲ့သည့် ပရီးမီးယားလိဂ် ပွဲစဉ်မတိုင်မီတွင် လူတစ်ထောင်ကျော်ခန့် စုရုံး၍ လမ်းလျှောက်ချီတက် ဆန္ဒပြခဲ့သေးကာ အာဆင်နယ်အသင်းပိုင် အမ်းမရိတ်စ် ဘောလုံးကွင်းရှေ့တွင် နည်းပြအာစင်ဝင်းဂါးကို စာချုပ်သစ် မချုပ်သင့်တော့သည့်အကြောင်း ၎င်းတို့၏သဘောထားကို ရေးသားထားသည့် ဗင်ကားတစ်စီးကိုလည်း ယင်းပရိသတ်များက ထားရှိသွားခဲ့သေးသည်။

အာစင်ဝင်းဂါးသည် ၎င်း၏ အနာဂတ် ဆုံးဖြတ်ချက်ကို အာဆင်နယ်နှင့် မန်စီးတီးတို့ ယှဉ်ပြိုင်ခဲ့ကြသည့် ပရီးမီးယားလိဂ် ပွဲစဉ်အပြီးတွင် ထုတ်ပြန် အသိပေးဖွယ်ရှိကြောင်း ခန့်မှန်းသတင်းများ ထွက်ပေါ်ခဲ့သော်လည်း ယခုအချိန်တိုင်သည်အထိ ရေငုံနှုတ်ပိတ်နေဆဲဖြစ်ကာ လက်ရှိ အခြေအနေများအရ အာစင်ဝင်းဂါးမှာ စာချုပ်သစ် လက်မှတ်ရေးထိုးမည့်ဘက်ကို အလေးသာနေပြီဖြစ်ကြောင်း သုံးသပ်ချက်များလည်း ထွက်ပေါ်နေပြီဖြစ်သည်။

အာဆင်နယ်အသင်း ကစားသမားများနှင့် အားပေးသူ ပရိသတ်များသည် နည်းပြအာစင်ဝင်းဂါးက ၎င်း၏အနာဂတ် ဆုံးဖြတ်ချက်ကို ထုတ်ပြန်ကြေညာရန် နှောင့်နှေးနေခြင်းအတွက် မချင့်မရဲဖြစ်နေကြပြီး အာစင်ဝင်းဂါးကို စာချုပ်သစ်ချုပ်ခဲ့ပါက အာဆင်နယ် အသင်းတာဝန်ရှိသူများကို ယခုထက် ပိုမိုပြင်းထန်စွာ ဆန့်ကျင်ဆန္ဒပြသွားရန်လည်း အာစင်ဝင်းဂါးကို အလိုမရှိတော့သည့် ပရိသတ်အုပ်စုက ဆုံးဖြတ်ချက် ချမှတ်ထားပြီဖြစ်သည်။