News

POST TYPE

SPORTS

အာစင်ဝင်းဂါးကို အယုံအကြည် မရှိတော့ကြောင်း အာဆင်နယ် ပရိသတ် ၇၈ ရာခိုင်နှုန်း မဲပေး
02-Apr-2017 tagged as အာဆင်နယ်

လန်ဒန်၊ ဧပြီ ၁

အာဆင်နယ်အသင်း အမာခံ ပရိသတ်များ တည်ထောင်ထားသည့် Arsenal Supporters’ Trust အဖွဲ့သည် အာဆင်နယ်အသင်း အားပေးသူများကို အွန်လိုင်းကတစ်ဆင့် နည်းပြ အာစင်ဝင်းဂါးကို အယုံအကြည်ရှိ၊ မရှိ မဲပေးစေခဲ့ရာ အာစင်ဝင်းဂါးကို အယုံအကြည် ကင်းမဲ့နေပြီ ဖြစ်ကြောင်း မဲပေးခဲ့သူ အရေအတွက်မှာ ၇၈ ရာခိုင်နှုန်းအထိ ရှိခဲ့ကြောင်း Sportmail က ဖော်ပြထားသည်။

အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် ယနေ့ (ဧပြီလ ၂ ရက်) ညတွင် အာဆင်နယ်နှင့် မန်စီးတီးတို့ ယှဉ်ပြိုင်ကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ် အပြီး၌ ၎င်း၏ အနာဂတ်ကို ထုတ်ပြန်ကြေညာသွားဖွယ် ရှိနေပြီဖြစ်ကာ အကယ်၍ ၎င်းတို့ကန့်ကွက်နေသည့်ကြားက အာစင်ဝင်းဂါးကို စာချုပ်သစ်ချုပ်မည် ဆိုပါက ယခုထက်ပိုမိုသည့် ဆန့်ကျင်ဆန္ဒပြမှုများကို ရင်ဆိုင်ကြုံဆုံရလိမ့်မည်ဟု အာဆင်နယ်အသင်း ပရိသတ်များက အသင်းဒါရိုက်တာဘုတ်အဖွဲ့ကို သတိပေးစကား ပြောကြားထားပြီလည်း ဖြစ်သည်။

အာဆင်နယ်အသင်း တာဝန်ရှိသူများသည် လက်ရှိအချိန်တိုင်သည်အထိ အာစင်ဝင်းဂါးကို ၂ နှစ်သက်တမ်း စာချုပ်သစ်တစ်ရပ် လက်မှတ်ရေးထိုးရန် ကမ်းလှမ်းထားဆဲဖြစ်ပြီး လွန်ခဲ့သည့် ရက်အနည်းငယ်ခန့်ကပင် အာစင်ဝင်းဂါးက အာဆင်နယ်နည်းပြအဖြစ် ၎င်းဆက်ရှိနေမည့် သဘောကို အရိပ်အမြွက် ပြောကြားသွားခဲ့ပြီးလည်း ဖြစ်သည်။

အာစင်ဝင်းဂါးသည် သတင်းမီဒီယာများနှင့် တွေ့ဆုံခဲ့ရာ၌ အသင်းအတွက် အနာဂတ်တစ်ခုကို ပုံဖော်ပေးရန်အတွက် အာဆင်နယ်ထံတွင် ၎င်းဆက်ရှိခွင့်ရလိုသည်ဟု အသိပေးသွားခဲ့ခြင်း ဖြစ်ပြီး အာဆင်နယ်အသင်း တာဝန်ရှိသူများဘက်က ပရိသတ်များ၏ ဆန္ဒပြ ကန့်ကွက်မှုများကို မျက်ကွယ်ပြုထားသည်မှာ အာစင်ဝင်းဂါးကို စာချုပ်သစ်ချုပ်ရန် ရာနှုန်းပြည့်နီးပါး သေချာနေ၍ ဖြစ်ကြောင်း သုံးသပ်ချက်များလည်း ထွက်ပေါ်နေသည်။

အာဆင်နယ်သည် ယနေ့ (ဧပြီလ ၂ ရက်) ညတွင် မန်စီးတီးကို ဂိုးပြတ်ရလဒ်ဖြင့် ရှုံးနိမ့်ခဲ့ပါက နည်းပြ အာစင်ဝင်းဂါး လက်ထက်၌ ရာသီနှောင်းပိုင်းကာလတွင် အဆင့်ခြောက်ပြင်ပသို့ ပထမဆုံးအကြိမ်အဖြစ် ရောက်သွားတော့မည်ဖြစ်ပြီး မန်စီးတီးကို အိမ်ကွင်းတွင် အရေးနိမ့်ခဲ့မည် ဆိုပါက အာဆင်နယ် ပရိသတ်များ၏ မကျေနပ်ချက်များမှာ ပိုမိုပေါက်ကွဲလာတော့မည်လည်း ဖြစ်သည်။

အာဆင်နယ်သည် အာစင်ဝင်းဂါး၏ ဦးဆောင်မှုအောက်တွင် ဘောလုံးရာသီ နှောင်းပိုင်းကာလ၌ အဆင့်ငါးပြင်ပသို့ လက်ရှိဘောလုံးရာသီ အပါအဝင် နှစ်ကြိမ်တည်းသာ ရောက်ခဲ့ဖူးပြီး ယခုမတိုင်မီ ဘောလုံးရာသီ နှောင်းပိုင်းကာလ၌ အဆင့်ငါးပြင်ပသို့ အာဆင်နယ် ရောက်ခဲ့ဖူးသည်မှာ ဟိုက်ဘူရီ ဘောလုံးကွင်းတွင် နောက်ဆုံးဘောလုံးရာသီ ဖြတ်သန်းခဲ့သည့် ၂၀၀၆ ခုနှစ်က ဖြစ်သည်။

သို့သော် အဆိုပါ ၂၀၀၅-၀၆ ဘောလုံးရာသီ ပြီးဆုံးချိန်တွင်မူ အာဆင်နယ်မှာ အဆင့်လေးနေရာကို ရယူပြီး ချန်ပီယံလိဂ်ကို ခြေစစ်ပွဲကတစ်ဆင့် ဝင်ရောက်နိုင်ခဲ့သည်။