News

POST TYPE

SPORTS

ကမ္ဘာ့ဖလား ဆောက်လုပ်ရေး လုပ်ငန်းခွင်များတွင် မြောက်ကိုရီးယား အလုပ်သမားများကို ကျွန်သဖွယ် ခိုင်းစေ
31-Mar-2017 tagged as ဘောလုံး

မော်စကို၊ မတ် ၃၀

ရုရှားအစိုးရ အာဏာပိုင်များသည် ၂၀၁၈ ခုနှစ်တွင် ကျင်းပမည့် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ကွင်းတည်ဆောက်ရေး အပါအဝင် ပြိုင်ပွဲအကြိုပြင်ဆင်မှု လုပ်ငန်းစဉ်များ၌ မြောက်ကိုရီးယား ရွှေ့ပြောင်းအလုပ်သမားများကို ကျွန်သဖွယ် ခိုင်းစေမှုများ ရှိနေကြောင်း AFP က ဖော်ပြထားသည်။

မြောက်ကိုရီးယား ရွှေ့ပြောင်းလုပ်သားများသည် ကမ္ဘာ့ဖလားပြိုင်ပွဲဆိုင်ရာ ဆောက်လုပ်ရေး လုပ်ငန်းခွင်များတွင် တစ်ရက်လျှင် ၁၇ နာရီ အလုပ်လုပ်နေကြရပြီး ယင်းအလုပ်လုပ်ချိန် ၁၇ နာရီအတွက် ၎င်းတို့ကို ရုရှားအစိုးရ အာဏာပိုင်များ လုပ်အားခအဖြစ် တစ်ဦးလျှင် ရှစ်ပေါင်သာပေးကြောင်း အမည်မဖော်လိုသည့် ရွှေ့ပြောင်းအလုပ်သမားတစ်ဦးက ပြောကြားထားသည်။

မြောက်ကိုရီးယား ရွှေ့ပြောင်းအလုပ်သမားများသည် ကမ္ဘာ့ဖလားပြိုင်ပွဲဆိုင်ရာ ဆောက်လုပ်ရေး လုပ်ငန်းခွင်များအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု အများအပြားကို ရင်ဆိုင်နေရပြီး စိန့်ပီတာစဘတ်မြို့ရှိ ပရိသတ် ၆၆,၀၀၀ ဆံ့ ဇင်းနစ်အသင်းပိုင် ဘောလုံးကွင်းကြီးကို ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် မွမ်းမံပြင်ဆင်ရာတွင် မြောက်ကိုရီးယား အလုပ်သမား ၁၁၀ ခန့် ပါဝင်သည်ဟု ယင်းလုပ်ငန်းခွင် ရှိရာသို့ သွားရောက်သတင်းယူခဲ့သည့် သတင်းထောက်က အတည်ပြုထားပြီလည်း ဖြစ်သည်။

ရုရှားအစိုးရ အာဏာပိုင်များသည် မြောက်ကိုရီးယား ရွှေ့ပြောင်းအလုပ်သမားများကို ကုန်တင်သေတ္တာကြီးများ အတွင်း၌ နေထိုင်စေလျက်ရှိပြီး လွန်ခဲ့သည့် ၂၀၁၆ ခုနှစ် အတွင်း၌ လုံလောက်သည့် ကျန်းမာရေး စောင့်ရှောက်မှု မရရှိခဲ့သည့်အတွက် အလုပ်သမားလေးဦး ကွယ်လွန်သွားခဲ့ကြောင်း ကွင်းဆင်းလေ့လာခဲ့သည့် နော်ဝေနိုင်ငံသား သုတေသနပညာရှင်တစ်ဦး ဖြစ်သူ ဂျိုဆီမားကလည်း အသိပေးထားသည်။

မြောက်ကိုရီးယားနိုင်ငံသည် ကမ္ဘာတစ်ဝန်းသို့ လုပ်သားတင်ပို့မှုက တစ်ဆင့် ရရှိသော ဝင်ငွေများဖြင့် အဓိကရပ်တည်လျက် ရှိကာ မြောက်ကိုရီးယား နိုင်ငံတော် ဘဏ္ဍာငွေ၏ ၉၀ ရာခိုင်နှုန်းကျော်ကို အလုပ်သမားတင်ပို့ရာက တစ်ဆင့် ရရှိခြင်းဖြစ်ကြောင်း စစ်တမ်းတစ်ရပ်က ဖော်ပြထားသည်။

ကမ္ဘာ့ဖလားပြိုင်ပွဲဆိုင်ရာ ဆောက်လုပ်ရေး လုပ်ငန်းခွင်များတွင် အလုပ်လုပ်နေကြရသော မြောက်ကိုရီးယား အလုပ်သမားများသည် ၁၀ နှစ်သက်တမ်း စာချုပ်များဖြင့် ရုရှားနိုင်ငံသို့ အလုပ်လုပ်ရန် ရောက်ရှိနေကြခြင်း ဖြစ်ပြီး ၎င်းတို့တွင် အလုပ်ရွေးချယ်ခွင့် မရှိကြောင်း၊ နားရက်အကျိုးခံစားခွင့် ဟူ၍လည်း မရကြောင်း ယင်းအလုပ်သမားများက ပြောကြားထားသေးသည်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) သည် ကမ္ဘာ့ဖလားပြိုင်ပွဲဆိုင်ရာ ဆောက်လုပ်ရေး လုပ်ငန်းခွင်များတွင် လူ့အခွင့်အရေး ချိုးဖောက်များ ရှိပါက ၎င်းတို့အနေနှင့် ထိရောက်စွာ အရေးယူမည်ဟု အသိပေးထားသော်လည်း အမှန်တကယ် တာဝန်ယူ ဆောင်ရွက်ရာတွင် လိုအပ်ချက်များ ရှိနေသည့်အတွက် ဝေဖန်ခံနေရသည်။