News

POST TYPE

SPORTS

အာဆင်နယ်နည်းပြအဖြစ် ဆက်ရှိဦးမည်ဟု တိုနီပူးလစ်ကို အာစင်ဝင်းဂါး အသိပေး
လန်ဒန်၊ မတ် ၂၀

ဝက်စ်ဘရွန်းနည်းပြ တိုနီပူးလစ်သည် ဝက်စ်ဘရွန်းက အာဆင်နယ်ကို သုံးဂိုး တစ်ဂိုးဖြင့် အနိုင်ရခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ် အပြီးတွင် အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက အနာဂတ်နှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်ကို ၎င်းအား ဖွင့်ဟပြောကြားသွားခဲ့သည်ဟု အသိပေးလိုက်ကြောင်း The Sun က ဖော်ပြထားသည်။

တိုနီပူးလစ်သည် အာစင်ဝင်းဂါးက ၎င်းအနေနှင့် အာဆင်နယ်နည်းပြအဖြစ် ဆက်ရှိသွားမည့် အကြောင်းကို ဖွင့်ဟပြောကြားသွားခဲ့သည်ဟု ထုတ်ဖော်အသိပေးထားပြီး အကယ်၍ အာဆင်နယ်ကို စွန့်ခွာတော့မည်ဟု အာစင်ဝင်းဂါး သဘောထားပြောင်းလဲလိုက်မည် ဆိုပါက လွန်စွာ အံ့သြရလိမ့်မည် ဖြစ်ကြောင်းလည်း တိုနီပူးလစ်က ပြောကြားထားသည်။

အာစင်ဝင်းဂါးသည် ဝက်စ်ဘရွန်းနှင့် အာဆင်နယ်တို့ ယှဉ်ပြိုင်ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ် အပြီးတွင် အနာဂတ်အတွက် ဆုံးဖြတ်ချက် ချမှတ်ပြီးသွားပြီဟု အသိပေးသွားခဲ့ပြီး ယင်းဆုံးဖြတ်ချက်ကို များမကြာမီ အချိန်အတွင်း တရားဝင် ထုတ်ပြန်ကြေညာပေးသွားတော့မည် ဖြစ်ကြောင်းလည်း အာစင်ဝင်းဂါးက ပြောကြားထားပြီ ဖြစ်သည်။

အာဆင်နယ်သည် လက်ရှိတွင် အသင်းတွင်း အခြေအနေများစွာ ရှုပ်ထွေးလျက်ရှိပြီး အကယ်၍ တိုနီပူးလစ်၏ ပြောကြားချက် မှန်ကန်ခဲ့မည် ဆိုပါက အာဆင်နယ်အသင်းအတွက် ဆိုးရွားသော ရိုက်ခတ်မှုများ ဖြစ်ပေါ်လာနိုင်သည်ဟု သုံးသပ်ချက်များလည်း ထွက်ပေါ်နေသည်။

အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူးဟောင်း အလန်ရှီးယားသည် အာဆင်နယ် ကစားသမားများမှာ အာစင်ဝင်းဂါးအတွက် ကစားပေးခြင်း မရှိကြတော့ဟု အတိအလင်း ဝေဖန်ပြောကြားထားပြီး အာစင်ဝင်းဂါးသာ အာဆင်နယ်နှင့် စာချုပ်သစ် လက်မှတ်ရေးထိုးလိုက်ပါက အသင်းအားပေးသူ ပရိသတ်များ၏ ဆန္ဒပြမှုများမှာ ယခုထက်ပို၍ အရှိန်မြင့်သွားနိုင်ကြောင်း ခန့်မှန်းမှုများလည်း ရှိနေသည်။

ဂျာမနီသတင်းစာ Bild ကမူ အာဆင်နယ်ကို အာစင်ဝင်းဂါး ကျောခိုင်းသွားဖွယ် အခြေအနေများ ရှိနေပြီဟု ဆန့်ကျင်ဘက် ရေးသားဖော်ပြထားပြီး ယင်းသို့ ယူဆရသည်မှာ အာဆင်နယ်က ဒေါ့မွန်နည်းပြ သောမတ်စ်တူချယ်လ်ကို ကမ်းလှမ်းဆက်သွယ်မှုများ ရှိနေ၍ ဖြစ်သည်ဟု Bild က အသိပေးထားသည်။

နည်းပြ အာစင်ဝင်းဂါးသည် ၎င်း၏ ဆုံးဖြတ်ချက်ကို နိုင်ငံတကာပွဲစဉ်များ ယှဉ်ပြိုင်ကစားနေစဉ် ကာလအတွင်း ထုတ်ပြန်အသိပေးသွားမည် မဟုတ်ကြောင်း ပြောကြားထားကာ အာဆင်နယ်အသင်း အားပေးသူများကမူ မန်စီးတီးနှင့် ယှဉ်ပြိုင်ရမည့် ပရီးမီးယားလိဂ်ပွဲစဉ် မတိုင်မီတွင် အာစင်ဝင်းဂါး၏ ဆုံးဖြတ်ချက်ကို သိရှိခွင့် ရနိုင်လိမ့်မည်ဟု မျှော်လင့်နေကြသည်။