News

POST TYPE

SPORTS

အာစင်ဝင်းဂါးအတွက် အာဆင်နယ် ကစားသမားများ မကစားပေးကြတော့ကြောင်း အလန်ရှီးယား သုံးသပ်
20-Mar-2017 tagged as အာဆင်နယ်

လန်ဒန်၊ မတ် ၁၉

ရုပ်သံအစီအစဉ် တင်ဆက်သူအဖြစ် တာဝန်ထမ်းဆောင်နေသည့် အင်္ဂလန်လက်ရွေးစင် ကစားသမားဟောင်း အလန်ရှီးယားသည် ဝက်စ်ဘရွန်းက အာဆင်နယ်ကို သုံးဂိုး တစ်ဂိုးဖြင့် အနိုင်ယူသွားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ် အပြီးတွင် အာဆင်နယ် ကစားသမားများမှာ အာစင်ဝင်းဂါးအတွက် ကစားပေးခြင်း မရှိတော့ဟု မှတ်ချက်ပေး ပြောကြားသွားခဲ့ကြောင်း The Sun က ဖော်ပြထားသည်။

အာစင်ဝင်းဂါးသည် ဝက်စ်ဘရွန်းနှင့် အာဆင်နယ်တို့ ယှဉ်ပြိုင်ကစားခဲ့သည့် အဆိုပါ ပရီးမီးယားလိဂ်ပွဲစဉ် အပြီးတွင် ၎င်းအနေနှင့် အနာဂတ်အတွက် အရေးပါသည့် ဆုံးဖြတ်ချက်တစ်ရပ်ကို ချမှတ်ထားပြီးဖြစ်ကြောင်း အသိပေးသွားခဲ့ကာ အလန်ရှီးယားကမူ အာစင်ဝင်းဂါးမှာ အသင်း၏ အခြေအနေမှန်ကို သိနေပြီဟု သုံးသပ်သွားခဲ့သည်။

အလန်ရှီးယားသည် အာဆင်နယ်အတွက် ရေကုန်ရေခန်း အားထည့်ကစားပေးနေသည့် ကစားသမားမှာ ဆန်းချက်ဇ် တစ်ဦးတည်းသာ ကျန်ရှိတော့ကြောင်း ထောက်ပြထားပြီး အခြားသော အာဆင်နယ် ကစားသမားများထံတွင်မူ အာဆင်နယ်ဝိဥာဉ် ပျောက်ဆုံးနေပြီဟု အလန်ရှီးယားက ပြောကြားထားသည်။

အာဆင်နယ်နောက်ခံလူ မူစတာဖီသည် ဝက်စ်ဘရွန်းက တတိယဂိုး သွင်းယူလိုက်ချိန်တွင် အသင်းဖော်များကို အပြစ်တင်စကားများ အဆက်မပြတ် ပြောကြားခဲ့ပြီး ယင်းမှာ အာဆင်နယ်အသင်း၌ စည်လုံးမှု ပြိုကွဲနေသည့် လက္ခဏာမျိုးပင် ဖြစ်ကြောင်းလည်း အလန်ရှီးယားက ထောက်ပြသွားခဲ့သည်။

လွန်ခဲ့သည့် သီတင်းပတ်အတွင်း၌ အာဆင်နယ်နှင့် အာစင်ဝင်းဂါးအကြားတွင် ၂ နှစ်သက်တမ်းရှိ စာချုပ်သစ်တစ်ရပ် လက်မှတ်ရေးထိုးရန် လွန်စွာနီးစပ်နေပြီ ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သေးကာ လက်ရှိတွင်မူ အခြေအနေအရပ်ရပ်က အာစင်ဝင်းဂါးကို ရာထူးက နုတ်ထွက်ရန် တွန်းအားပေးသကဲ့သို့ ဖြစ်နေပြီ ဖြစ်ကြောင်း အလန်ရှီးယားက ပြောကြားသွားခဲ့သည်။

အာစင်ဝင်းဂါးသည် အနာဂတ်နှင့် သက်ဆိုင်သည့် ၎င်း၏ ဆုံးဖြတ်ချက်ကို များမကြာမီအချိန်အတွင်း အသိပေးမည် ဖြစ်သော်လည်း နိုင်ငံတကာပွဲစဉ်များ ယှဉ်ပြိုင်ကစားနေချိန် သီတင်းပတ်၌ သတင်းထုတ်ပြန်မည် မဟုတ်ကြောင်း ဖွင့်ဟပြောကြားထားကာ အစောဆုံးအဖြစ် မန်စီးတီးနှင့် ယှဉ်ပြိုင်ကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ် မတိုင်မီတွင် အာစင်ဝင်းဂါး၏ အနာဂတ်ကို သိခွင့်ရနိုင်ရန် အာဆင်နယ် ပရိသတ်များက လိုလားနေကြသည်။