News

POST TYPE

SPORTS

မစ်ဒယ်ဘရော့ နည်းပြသစ် ဖြစ်လိုကြောင်း ရက်နပ် အသိပေး၊ လက်သည်တရားခံများကို သိကြောင်း မော်ရင်ညို ဖွင့်ဟ
19-Mar-2017 tagged as

လန်ဒန်၊ မတ် ၁၈

ပရီးမီးယားလိဂ် နည်းပြဟောင်းတစ်ဦးဖြစ်သော ဟယ်ရီရက်နပ်သည် ၎င်းအနေနှင့် လစ်လပ်လျက်ရှိသည့် မစ်ဒယ်ဘရော့နည်းပြ ရာထူးကိုရယူ၍ အသင်းကို တန်းမဆင်းရစေရန် ကယ်တင်ပေးလိုကြောင်း ဖွင့်ဟပြောကြားလိုက်သည်ဟု The Sun က ဖော်ပြထားသည်။

ဟယ်ရီရက်နပ်သည် ၂၀၁၅ ခုနှစ်တွင် ကျူပီအာနည်းပြရာထူးက နုတ်ထွက်ခဲ့အပြီး၌ အခြားသော အလုပ်သစ်များကို ထပ်မံလက်ခံခြင်း မရှိတော့ဘဲ မိသားစုကို အချိန်ပေး၍ ဘဝကို ဖြတ်သန်းနေခဲ့ကာ ၎င်း၏ အတွေ့အကြုံများမှာ မစ်ဒယ်ဘရော့ကို ပရီးမီးယားလိဂ်တွင် တန်းတင်ကျန်ရစ်စေရန် ကောင်းစွာပံ့ပိုးပေးနိုင်လိမ့်မည်ဟု ဟယ်ရီရက်နပ်က အခိုင်အမာ ယုံကြည်လျက်ရှိသည်။

ဟယ်ရီရက်နပ်သည် ၎င်းအနေနှင့် လုပ်ငန်းခွင် ပြန်လည်ဝင်ရောက်ရန် အချိန်ကျရောက်ပြီဟု ခံယူထားပြီဖြစ်ကာ ချယ်လ်ဆီးနည်းပြဟောင်း အေဗရမ်ဂရမ့်ကို ရာထူးထုတ်ပယ်လိုက်သည့် ဂါနာဘောလုံးအဖွဲ့ချုပ်ကလည်း ဂါနာလက်ရွေးစင်အသင်းကို တာဝန်ယူပေးပါရန် ဟယ်ရီရက်နပ်ကို ကမ်းလှမ်းထားသည်။

မစ်ဒယ်ဘရော့ အသင်းပိုင်ရှင် စတိဗ်ဂစ်ဘ်ဆင်သည် နည်းပြ ကရန်ကာကို ရာထူးထုတ်ပယ်လိုက် အပြီးတွင် လက်ထောက်နည်းပြ အက်ဂ်နယူးကို ယာယီနည်းပြအဖြစ် တာဝန်ပေးလိုက်ပြီး အကယ်၍ အက်ဂ်နယူး၏ စွမ်းဆောင်ရည်များကို သဘောကျပါက ရာသီကုန်ဆုံးချိန်တိုင်သည်အထိ နည်းပြသစ် မခေါ်ယူတော့ဘဲ အက်ဂ်နယူး၏ ဦးဆောင်မှုဖြင့်သာ အသင်းကို ဖြတ်သန်းစေမည် ဖြစ်ကြောင်း စတိဗ်ဂစ်ဘ်ဆင်က ပြောကြားထားသည်။

မစ်ဒယ်ဘရော့ ယာယီနည်းပြ အက်ဂ်နယူးသည် လက်ရှိတွင် ၎င်း၏ လက်ထောက်အဖြစ် ဂျိုးဂျော်ဒန်ကို ခန့်အပ်လိုက်ပြီဖြစ်ကာ ဂျိုးဂျော်ဒန်မှာ စပါး၊ ပို့စ်မောက်နှင့် ကျူပီအာတို့ကို နည်းပြဟယ်ရီရက်နပ် တာဝန်ယူခဲ့စဉ် ကာလများအတွင်း ရက်နပ်၏ လက်ထောက်အဖြစ် အလုပ်လုပ်ခဲ့ဖူးသူ ဖြစ်သည်။

မန်ယူနည်းပြ မော်ရင်ညိုသည် မစ်ဒယ်ဘရော့နည်းပြ ကရန်ကာမှာ အသင်းသားများ၏ သစ္စာဖောက်ခြင်းကို ခံလိုက်ရခြင်း ဖြစ်သည်ဟု အတိအလင်း ဝေဖန်ပြောကြားလိုက်ပြီး ကရန်ကာ ရာထူးထုတ်ပယ်ခံရစေရန် လုပ်ဆောင်ခဲ့သော လက်သည်တရားခံများကို ၎င်းအနေနှင့် အမည်နှင့်တကွ အတိအကျ သိရှိကြောင်းလည်း မော်ရင်ညိုက အသိပေးထားသေးသည်။

ကရန်ကာသည် ရီးရဲလ်မက်ဒရစ်အသင်းကို မော်ရင်ညို တာဝန်ယူခဲ့စဉ် ကာလ၌ မော်ရင်ညို၏ လက်ထောက်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကာ မစ်ဒယ်ဘရော့အသင်း တာဝန်ရှိသူများက ကရန်ကာကို ရာထူးထုတ်ပယ်ရန် ဆုံးဖြတ်လိုက်ခြင်း၏ နောက်ကွယ်တွင် ဝါရင့်ကွင်းလယ်ကစားသမား ဒေါင်းနင်းကို ပုံမှန်ပွဲထွက်ခွင့်မပေးသည့် ကိစ္စမှာ အကြောင်းအရင်းတစ်ခု အဖြစ် ပါဝင်ပတ်သက်နေသည်ဟု သတင်းများ ထွက်ပေါ်နေသည်။

  • TAGS