POST TYPE

SPORTS

သံသယဖြစ်ဖွယ် စာအိတ်တစ်ခု လက်ခံရရှိသည့်အတွက် မီးသတ်တပ်ဖွဲ့ထံ ဒေါ့မွန် အရေးပေါ် အကြောင်းကြား
17-Mar-2017 tagged as

ဘာလင်၊ မတ် ၁၆

ဒေါ့မွန်အသင်း တာဝန်ရှိသူများသည် ၎င်းတို့၏ ရုံးချုပ်ရှိရာသို့ အဖြူရောင်အမှုန်များ ပါရှိသည့် သံသယဖြစ်ဖွယ် စာအိတ်တစ်ခု ရောက်လာခဲ့သည့်အတွက် မီးသတ်တပ်ဖွဲ့ထံသို့ အရေးပေါ် အကြောင်းကြား၍ အကူအညီတောင်းလိုက်ရကြောင်း The Sun က ဖော်ပြထားသည်။

ဒေါ့မွန်အသင်း တာဝန်ရှိသူများသည် စာအိတ်အတွင်း ပါရှိသည့် အမှုန်များကို ပေါက်ကွဲမှု ဖြစ်ပွားစေနိုင်သည့် သို့မဟုတ် အဆိပ်သင့်စေနိုင်သည့် ဓာတုအမှုန်များဟု ထင်မှတ်ကာ မီးသတ်တပ်ဖွ့ထံသို့ ဆက်သွယ် အကြောင်းကြားလိုက်ခြင်း ဖြစ်ပြီး ၎င်းတို့၏ အခက်အခဲကို ကူညီဖြေရှင်းပေးရန်အတွက် မီးသတ်သမား ၄၀ ခန့် ရောက်လာခဲ့ကြောင်း ဒေါ့မွန်က ကြေညာချက် ထုတ်ပြန်ထားသည်။

ဒေါ့မွန်အသင်း တာဝန်ရှိသူများသည် ၂၀၀၁ ခုနှစ်၌ အမေရိကန်ပြည်ထောင်စုတွင် ဓာတုအမှုန်များဖြင့် တိုက်ခိုက်ခံခဲ့ရသည်ကို အမှတ်ရကာ ယင်းအမှုန်များကို လာရောက်စစ်ဆေးပေးပါရန် မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူများကို အကြောင်းကြားလိုက်ခြင်းဖြစ်ပြီး အမေရိကန်ပြည်ထောင်စုတွင် ယင်းသို့ ဓာတုအမှုန်များဖြင့် တိုက်ခိုက်ခံရခြင်းမှာ ၂၀၁၁ ခုနှစ် စက်တင်ဘာ ၁၁ ရက် အကြမ်းဖက်မှုအပြီး တစ်ပတ်အကြာတွင် ဆက်လက်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

စက်တင်ဘာ ၁၁ ရက် အကြမ်းဖက်တိုက်ခိုက်ခံရမှု အပြီးတွင် အမေရိကန်ပြည်ထောင်စုရှိ နိုင်ငံရေးသမားအချို့နှင့် ၎င်းတို့၏ အဓိက လုပ်ဖော်ကိုင်ဖက်များထံသို့ အဖြူရောင် ဓာတုအမှုန်များ ထည့်ထားသည့် စာအိတ်များ ရောက်ရှိလာခဲ့ကာ ယင်းအမှုန်များကြောင့် လူငါးဦး အသက်ဆုံးရှုံးခဲ့ရပြီး လူ ၁၇ ဦးခန့် အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှုများ ခံယူခဲ့ကြရသည်။

မီးသတ်တပ်ဖွဲ့များသည် ဒေါ့မွန်အသင်းရုံးချုပ် ရှိရာသို့ ပေးပို့လိုက်သည့် အဖြူရောင်အမှုန်များကို ရွေ့လျားဓာတ်ခွဲခန်းများ၏ အကူအညီဖြင့် ချက်ချင်းပင် အဖြေရှာခဲ့ပြီး စစ်ဆေးမှုများ တစ်နာရီကျော်ကြာ ဆောင်ရွက်အပြီးတွင် ယင်းအမှုန်များမှာ သကြားမှုန်များ ဖြစ်ကြောင်း အဖြေထွက်လာခဲ့သည်ဟု မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူများက အတည်ပြု ပြောကြားသွားခဲ့သည်။

ရီးရဲလ်မက်ဒရစ် ဥက္ကဋ္ဌ ပီရက်ဇ်သည်လည်း လွန်ခဲ့သည့် ရက်အနည်းငယ်ခန့်က ၎င်းအမည်ကို လိပ်မူထားသော အဖြူရောင်စာအိတ်တစ်ခု ရီးရဲလ်မက်ဒရစ်အသင်းပိုင် ဘာနေဗျူး ဘောလုံးကွင်းသို့ ရောက်လာခဲ့သည့်အတွက် မက်ဒရစ် ရဲတပ်ဖွဲ့ထံသို့ အကြောင်းကြားကာ အကူအညီ တောင်းလိုက်ရသေးသည်။

  • TAGS