News

POST TYPE

SPORTS

အာဆင်နယ်ကို အာစင်ဝင်းဂါး ဆက်လက်တာဝန်ယူလိမ့်မည်ဟု သတင်းထွက်၊ ငွေနှစ်ဆ ရှာပေးထားသော နည်းပြကို ခရွန်ကီ မထုတ်ပယ်ဟု အီယန်ရွိုက် သုံးသပ်
လန်ဒန်၊ မတ် ၁၂

အာဆင်နယ်အသင်း တာဝန်ရှိသူများသည် အာစင်ဝင်းဂါး၏ အနာဂတ်အတွက် ကြေညာချက် ထုတ်ပြန်လိုက်ခြင်းကို သတင်းမီဒီယာများက ရာသီကုန်ဆုံးချိန်တွင် အသင်းနှင့် နည်းပြ အာစင်ဝင်းဂါး အကြား လမ်းခွဲတော့မည့် သဘော ရေးသားဖော်ပြလာခြင်းကို ငြင်းဆန်ပယ်ချလိုက်ပြီး ယခုထွက်ပေါ်နေသည့် ခန့်မှန်းချက်များမှာ သတင်းမီဒီယာများ၏ လိုရာဆွဲ ရေးသားမှု သက်သက်သာ ဖြစ်ကြောင်း အာဆင်နယ်အသင်း တာဝန်ရှိသူများက မှတ်ချက်ပေး ပြောကြားလိုက်သည်ဟု The Mirror က ဖော်ပြထားသည်။

အာဆင်နယ်အသင်းတွင်း သတင်းရင်းမြစ်များသည် လက်ရှိဘောလုံးရာသီ ပြီးဆုံးချိန်တွင် အာဆင်နယ်နှင့် နည်းပြ အာစင်ဝင်းဂါးအကြား၌ စာချုပ်သစ် အကောင်အထည် ပေါ်လာမည့် အခြေအနေများ ရှိနေပြီဟု အရိပ်အမြွက် အသိပေးထားပြီဖြစ်ကာ အာဆင်နယ် တိုက်စစ်မှူးဟောင်းတစ်ဦး ဖြစ်သည့် အီယန်ရွိုက်ကလည်း အသင်းအဓိက ရှယ်ယာရှင် ခရွန်ကီမှာ ၎င်း၏ ဝင်ငွေကို နှစ်ဆ တိုးပွားလာစေရန် စွမ်းဆောင်ပေးခဲ့သည့် နည်းပြ အာစင်ဝင်းဂါးကို ရာထူးက ထုတ်ပယ်မည် မဟုတ်ဟု အခိုင်အမာ ပြောကြားထားသည်။

ခရွန်ကီသည် လက်ရှိဘောလုံးရာသီ ပြီးဆုံးချိန်တွင် ပရီးမီးယားလိဂ်ကို အဆင့်လေးဖြင့် ရာသီပိတ်သိမ်းနိုင်ခဲ့ပါက အာစင်ဝင်းဂါးကို ၂ နှစ်သက်တမ်းရှိ စာချုပ်သစ်တစ်ရပ် လက်မှတ်ရေးထိုးလိမ့်မည်ဟု အီယန်ရွိုက်က ပြောကြားထားပြီး လက်ရှိတွင် လာမည့် နွေရာသီကာလ ကစားသမား အပြောင်းအရွှေ့ဈေးကွက် အတွက် အစီအစဉ်များကိုပင် အာစင်ဝင်းဂါးက စတင်ရေးဆွဲနေပြီ ဖြစ်ကြောင်းလည်း သတင်းများ ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။

အာဆင်နယ်သည် ကွင်းလယ်ကစားသမား အိုဇေးလ်၏ တစ်ပတ်လုပ်ခ လစာအကျိုးခံစားခွင့် ပမာဏကို ပေါင်နှစ်သိန်းခွဲအထိ တိုးမြှင့်ပေးကာ စာချုပ်သစ်ချုပ်ရန် စီစဉ်ထားပြီဖြစ်ပြီး ဆန်းချက်ဇ်ကမူ ၎င်း၏ပုံရိပ် အသုံးပြုခွင့် ဝင်ငွေရာခိုင်နှုန်းကို ထည့်သွင်းတွက်ချက်၍  တစ်ပတ်လုပ်ခ အကျိုးခံစားခွင့် ပေါင်သုံးသိန်း ပေးချေရမည်ဟု တောင်းဆိုထားသည့်အတွက် စာချုပ်သစ်အထမြောက် အကောင်အထည်ပေါ်ရန်မှာ အလှမ်းဝေးကွာနေဆဲ ဖြစ်သည်။

အာစင်ဝင်းဂါးသည် ၎င်းအပေါ် ပရိသတ်များ ထင်မှတ်ယူဆနေသည်များ မှားယွင်းကြောင်းကို သက်သေပြနိုင်ရန်အတွက် အာဆင်နယ်နှင့် သက်တမ်းတိုး စာချုပ်ချုပ်ဆိုခွင့် ရနိုင်ရေးကို အလွန်အမင်း လိုလားနေပြီး အသင်းရှယ်ယာရှင် ခရွန်ကီအတွက် အသင်းအောင်မြင်မှု ရရှိရေးထက် ၎င်း၏ ဝင်ငွေများ တိုးတက်ရေးကသာ အဓိကအချက် ဖြစ်နေသည်ဟု အီယန်ရွိုက်က ထောက်ပြထားသည်။

BT Sports ရုပ်သံဌာန၏ အစီအစဉ်တစ်ခုတွင် အီယန်ရွိုက်က “ခရွန်ကီအတွက် ချန်ပီယံလိဂ် ဆုဖလားကြီးကို ရရှိဖို့ မလိုပါဘူး။ ပြိုင်ပွဲ ပုံမှန်ပါဝင်ကစားခွင့် ရရှိနေရုံနဲ့တင် သူက ကျေနပ်နေပါပြီ။ ပရီးမီးယားလိဂ်မှာလည်း ချန်ပီယံလိဂ်ဝင်ခွင့် တစ်နေရာ သေချာရင် ဒါဟာ သူ့အတွက် ဖလားရတာပါပဲ။ အာစင်ဝင်းဂါးဟာ ခရွန်ကီရဲ့ ဝင်ငွေတွေကို နှစ်ဆတိုးပွားစေခဲ့သူပါ။ အဲ့လိုနည်းပြ တစ်ယောက်ကို သူလွယ်လွယ်နဲ့ လက်လွှတ်လိုက်မှာ မဟုတ်ပါဘူး” ဟု ပြောကြားသွားခဲ့သည်။

E-11