News

POST TYPE

SPORTS

အာစင်ဝင်းဂါးနှင့် အာဆင်နယ်တို့ နှစ်ဦးနှစ်ဖက် သဘောတူညီချက်ဖြင့် လမ်းခွဲရန် သေချာ
12-Mar-2017 tagged as အာဆင်နယ်

လန်ဒန်၊ မတ် ၁၁

ဗြိတိန်သတင်းရင်းမြစ်များသည် နည်းပြ အာစင်ဝင်းဂါးနှင့် အာဆင်နယ်အသင်း အကြားတွင် စာချုပ်သစ် အကောင်အထည် ပေါ်လာတော့မည် မဟုတ်ဘဲ နှစ်ဦးနှစ်ဖက် သဘောတူညီချက်ဖြင့် လမ်းခွဲရန် သေချာနေပြီဟု အခိုင်အမာ ရေးသားနေကြပြီ ဖြစ်ကြောင်း The Sun က ဖော်ပြထားသည်။

အာဆင်နယ်အသင်း ဥက္ကဋ္ဌ ဆာချစ်ပ်စ်ကက်စ်ဝစ်ခ်သည် လွန်ခဲ့သည့် ကြာသပတေးနေ့၌ နည်းပြ အာစင်ဝင်းဂါး၏ အနာဂတ်နှင့် စပ်လျဉ်း၍ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ကာ ယင်းကြေညာချက်တွင် မည်သို့သော ဆုံးဖြတ်ချက်ကိုဖြစ်စေ အသင်းနှင့် နည်းပြ အာစင်ဝင်းဂါး အကြား၌ နှစ်ဦးနှစ်ဖက် သဘောတူညီချက်ဖြင့် ချမှတ်သွားမည်ဟု ဥက္ကဋ္ဌ ကက်စ်ဝစ်ခ်က ဖော်ပြထားသည်။

ဥက္ကဋ္ဌ ကက်စ်ဝစ်ခ်သည် အာစင်ဝင်းဂါး၏ အနာဂတ်ကို အသင်းဘက်က သင့်တော်မှန်ကန်သည့် လမ်းကြောင်းမျိုးဖြင့်သာ စဉ်းစားအဖြေရှာသွားမည်ဟု ကတိပြုထားပြီး သင့်တော်မှန်ကန်သည့် အချိန်ကာလသသို့ ရောက်ပါက အသင်းနှင့် နည်းပြ အာစင်ဝင်းဂါးအကြား၌ မည်သို့သော သဘောတူညီချက်မျိုး ရရှိခဲ့သည် ဆိုခြင်းကို အသင်းပရိသတ်များ သိရှိနိုင်စေရန် သတင်း ဆက်လက်ထုတ်ပြန်ပေးသွားမည်ဟုလည်း ကက်စ်ဝစ်ခ်က ပြောကြားသွားခဲ့သေးသည်။

ဗြိတိန်သတင်းမီဒီယာများသည် နည်းပြ အာစင်ဝင်းဂါး၏ အနာဂတ်နှင့် သက်ဆိုင်သည့် သဘောထားကို မည်သည့်အခါကမျှ ကြေညာချက် ထုတ်ပြန်ခြင်း မရှိခဲ့သော အာဆင်နယ်၏ ယခုတစ်ကြိမ် အပြုအမူမှာ ထူးခြားလျက်ရှိကြောင်း မှတ်ချက်ပြု သုံးသပ်ထားပြီး ယင်းကြေညာချက်ကို အနက်ကောက်ယူမည် ဆိုပါက အာဆင်နယ်နှင့် နည်းပြ အာစင်ဝင်းဂါးတို့ လမ်းခွဲတော့မည်ဟု အဓိပ္ပါယ်ထွက်ကြောင်းလည်း ဗြိတိန်သတင်းမီဒီယာများက ရေးသားထားသည်။

နည်းပြ အာစင်ဝင်းဂါးနှင့် အာဆင်နယ်အသင်း အကြားတွင် ချုပ်ဆိုထားသော စာချုပ်သည် လက်ရှိ ဘောလုံးရာသီ ပြီးဆုံးချိန်တွင် သက်တမ်းကုန်ဆုံးတော့မည် ဖြစ်ကာ ဂျူဗင်တပ်နည်းပြ အယ်လ်လီဂရီမှာ အာစင်ဝင်းဂါး၏ နေရာကို အစားဝင်၍ အာဆင်နယ် နည်းပြသစ် ဖြစ်လာရန် ထိပ်ဆုံးနေရာက ရေပန်းစားလျက်ရှိသည်။

အယ်လ်လီဂရီသည် ဂျူဗင်တပ် တာဝန်ရှိသူများ အနေနှင့် ၎င်းကို အသင်းတွင် ဆက်လက်ထိန်းသိမ်းထားလိုပါက တစ်နှစ်လုပ်ခလစာ အကျိုးခံစားခွင့်ကို ပေါင် ၄ ဒသမ ၃၅ သန်းအထိ တိုးမြှင့်ပေးချေ၍ လေးနှစ်သက်တမ်း စာချုပ်သစ်ချုပ်ရန် လိုလိမ့်မည်ဟု အသိပေးထားပြီး ဖြစ်ကာ အယ်လ်လီဂရီ၏ အနာဂတ်မှာ လက်ရှိ မတ်လပြီးဆုံးချိန်တွင် အပြီးသတ် အဖြေပေါ်လာတော့မည်ဟုလည်း သတင်းများ ထွက်ပေါ်နေသည်။