News

POST TYPE

SPORTS

အာဆင်နယ်တွင် အသင်းတွင်း ပြဿနာများရှိကြောင်း ဝဲလ်ကော့တ် ဝန်ခံ၊ အာဆင်နယ်ကို စွန့်ခွာမည့်သူများစာရင်းတွင် ချိန်ဘာလိန်း ပါဝင်
10-Mar-2017 tagged as အာဆင်နယ်

လန်ဒန်၊ မတ် ၉

အာဆင်နယ် တိုက်စစ်တောင်ပံကစားသမား ဝဲလ်ကော့တ်သည် အာဆင်နယ်ထံတွင် အသင်းတွင်း ပြဿနာများ ရှိနေကြောင်း ထုတ်ဖော်ဝန်ခံလိုက်ပြီ ဖြစ်ပြီး နည်းပြအာစင်ဝင်းဂါး ဖုံးကွယ်ထားသည်ကို ဝဲလ်ကော့တ်က ဖွင့်ချလိုက်သည်မှာ ထူးခြားလျက်ရှိကြောင်း Sky Sports က ဖော်ပြထားသည်။

ဗြိတိန်သတင်းမီဒီယာများသည် လီဗာပူးက အာဆင်နယ်ကို သုံးဂိုးတစ်ဂိုးဖြင့် အနိုင်ယူသွားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ် မတိုင်မီ အသင်းလေ့ကျင့်ရေး အစီအစဉ်၌ အာဆင်နယ် တိုက်စစ်မှူး ဆန်းချက်ဇ်နှင့် နည်းပြအာစင်ဝင်းဂါး၊ အခြားသော နည်းပြအဖွဲ့ဝင်များနှင့် အသင်းဖော်များ အကြားတွင် စကားအချေအတင်ဖြစ်ကာ အချင်းများမှုများ ရှိခဲ့ကြောင်း ရေးသားဖော်ပြခဲ့ပြီး ဘိုင်ယန်မြူးနစ်နှင့် ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့် ဒုတိယအကျော့ပွဲစဉ် အတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲ အခမ်းအနား ကျင်းပရာတွင် အာစင်ဝင်းဂါးက ယင်းသတင်းဖော်ပြချက်များ အားလုံးမှာ အခြေအမြစ် ကင်းမဲ့ကြောင်း ငြင်းဆိုသွားခဲ့သည်။

သို့သော် ဘိုင်ယန်မြူးနစ်က အာဆင်နယ်ကို ငါးဂိုး တစ်ဂိုးဖြင့် အနိုင်ယူသွားခဲ့သည့် ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့် ဒုတိယအကျော့ပွဲစဉ်အပြီး သတင်းမီဒီယာများနှင့် တွေ့ဆုံခဲ့ရာ၌ ဝဲလ်ကော့တ်က အသင်းလေ့ကျင့်ရေး အစီအစဉ်တွင် ဆန်းချက်ဇ်နှင့် အသင်းဖော်များအကြား စကားအချေအတင် ဖြစ်ခဲ့သည်မှာ မှန်ကန်ကြောင်း ဖွင့်ဟပြောကြားသွားခဲ့ပြီး အာဆင်နယ်ထံတွင် အခြားသော အသင်းတွင်း ပြဿနာများလည်း ရှိနေသေးကြောင်း ဝဲလ်ကော့တ်က ဆက်လက်အသိပေးသွားခဲ့သေးသည်။

အာဆင်နယ်အသင်း အဓိကကစားသမား အချို့သည် လက်ရှိဘောလုံးရာသီ ပြီးဆုံးချိန်တွင် အသင်းကို စွန့်ခွာရန် ပြင်ဆင်နေကြပြီဖြစ်ကာ ယင်းသို့ ပြင်ဆင်နေသူများ အနက်တွင် လူငယ်တိုက်စစ် တောင်ပံကစားသမား ချိန်ဘာလိန်းလည်း ပါဝင်ကြောင်း သတင်းများ ထွက်နေပြီ ဖြစ်သည်။

တိုက်စစ်မှူး ဆန်းချက်ဇ်နှင့် ကွင်းလယ်ကစားသမား အိုဇေးလ်တို့၏ အနာဂတ်သည် နည်းပြ အာစင်ဝင်းဂါး၏ အနာဂတ်နှင့် တိုက်ရိုက်ဆက်စပ်နေပြီး အာဆင်နယ်နည်းပြ အဖြစ် အာစင်ဝင်းဂါး ဆက်ရှိနေမည် ဆိုပါက ဆန်းချက်ဇ်နှင့် အိုဇေးလ်တို့မှာ အာဆင်နယ်နှင့် စာချုပ်သစ် ချုပ်တော့မည် မဟုတ်ဘဲ အသင်းကို စွန့်ခွာရန် လုံးဝ သေချာသွားတော့မည် ဖြစ်သည်။

ဆန်းချက်ဇ်နှင့် အိုဇေးလ်တို့သည် အာဆင်နယ် တာဝန်ရှိသူများက နည်းပြအာစင်ဝင်းဂါးကို ရာထူးထုတ်ပယ်၍ နည်းပြသစ်တစ်ဦး ခေါ်ယူခဲ့မည် ဆိုပါကလည်း ၎င်းတို့လေးစားရသည့် ထိပ်တန်းအဆင့် နည်းပြမျိုး ဖြစ်မှသာလျှင် စာချုပ်သစ်ကို လက်ခံသွားဖွယ် ရှိနေသည်။