News

POST TYPE

SPORTS

အနာဂတ်ကို လာမည့် သီတင်းသုံးပတ်အတွင်း အယ်လ်လီဂရီ ဆုံးဖြတ်မည်
09-Mar-2017 tagged as အာဆင်နယ်

တူရင်၊ မတ် ၈

ဂျူဗင်တပ်နည်းပြ အယ်လ်လီဂရီသည် ၎င်း၏ အနာဂတ်ကို လာမည့် သီတင်းပတ် သုံးပတ်အတွင်း အပြီးသတ် ဆုံးဖြတ်သွားတော့မည် ဖြစ်ကာ ၎င်းတောင်းဆိုထားသည်များကို အသင်းတာဝန်ရှိသူများဘက်က လိုက်လျောခြင်း မရှိခဲ့ပါက ဂျူဗင်တပ်ကို အယ်လ်လီဂရီက စွန့်ခွာဖွယ် ရှိနေပြီ ဖြစ်ကြောင်း Football Italia က ဖော်ပြထားသည်။

အယ်လ်လီဂရီသည် လက်ရှိ ဘောလုံးရာသီ ပြီးဆုံးချိန်တွင် အာစင်ဝင်းဂါး နေရာကို  အစားဝင်၍ အာဆင်နယ်နည်းပြသစ် ဖြစ်လာလိမ့်မည်ဟု သတင်းများ ထွက်နေပြီး နည်းပြအင်းနရစ် ရာထူးနုတ်ထွက်တော့မည့် ဘာစီလိုနာကလည်း အယ်လ်လီဂရီကို ခေါ်ယူရန် စောင့်ကြည့်အကဲခတ်နေသည်။

အယ်လ်လီဂရီသည် လွန်ခဲ့သည့် သီတင်းပတ်၌ မွေးရပ်ဇာတိ လီဗော်နိုမြို့တွင် အပေါင်းအသင်း မိတ်ဆွေများနှင့် ညစာစားခဲ့ရာ၌ ၎င်းင်းအနေနှင့် လာမည့် ဘောလုံးရာသီတွင် အာဆင်နယ်နည်းပြအဖြစ် တာဝန်ထမ်းဆောင်ရန် အသင့်ရှိနေပြီ ဖြစ်ကြောင်း ဖွင့်ဟပြောကြားခဲ့ကာ ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့်တွင် ဘိုင်ယန်မြူးနစ်ကို နှစ်ကျော့ပေါင်းရလဒ် ၁၀ ဂိုး ၂ ဂိုးဖြင့် အရေးနိမ့်လိုက်ရအပြီးတွင် အာဆင်နယ်နည်းပြ အာစင်ဝင်းဂါး၏ အနာဂတ်မှာ အာမခံချက် လုံးဝနီးပါး ကင်းမဲ့သွားခဲ့ရပြီ ဖြစ်သည်။

အာဆင်နယ်သည် ချန်ပီယံလိဂ်တွင် ၁၆ သင်း ရှုံးထွက်အဆင့်ကို ကျော်ဖြတ်နိုင်ခြင်း မရှိတော့သည်မှာ ဘောလုံးရာသီ ခုနစ်ရာသီဆက်တိုက် ရှိလာခဲ့ပြီဖြစ်ပြီး အကယ်၍ အာစင်ဝင်းဂါးကို အသင်းနည်းပြ အဖြစ် ဆက်လက်ထားရှိမည် ဆိုပါက အမာခံ ပွဲထွက်ကစားသမား အများစု အသင်းကို စွန့်ခွာသွားသည့် အခြေအနေကို အာဆင်နယ်က မလွဲမသွေ ရင်ဆိုင်လာရတော့မည်လည်း ဖြစ်သည်။

အယ်လ်လီဂရီသည် ဂျူဗင်တပ်အသင်း တာဝန်ရှိသူများကို ၎င်းအား တစ်နှစ်လုပ်ခလစာ အကျိုးခံစားခွင့် ပေါင် ၄ ဒသမ ၃၅ သန်းဖြင့် စာချုပ်သစ် ပြင်ဆင်ချုပ်ဆိုရန် တောင်းဆိုထားပြီး ယင်းစာချုပ်သစ်၏ သက်တမ်းမှာ အနိမ့်ဆုံးလေးနှစ် ဖြစ်ရမည်ဟုလည်း အယ်လ်လီဂရီက အသိပေးထားသေးသည်။         

E-11