News

POST TYPE

SPORTS

ၾသစေၾတးလ် အိုးပင်းဂရင်းဆလင်း အမျိုးသားတစ်ဦးချင်း ဗိုလ်လုပွဲသို့ ဖက်ဒါရာ တက်ရောက်
27-Jan-2017 tagged as တင်းနစ်

မဲလ်ဘုန်း၊ ဇန်နဝါရီ ၂၆

သြစတြေးလျနိုင်ငံတွင် ကျင်းပလျက်ရှိသည့် သြစတြေးလျအိုးပင်း ဂရင်းဆလင်း တင်းနစ်ပြိုင်ပွဲ အမျိုးသားတစ်ဦးချင်း ပထမ ဆီမီးဖိုင်နယ်ပွဲစဉ်တွင် ကမ္ဘာ့အဆင့်တစ် တင်းနစ်ကစားသမားဟောင်း ရော်ဂျာဖက်ဒါရာက တစ်နိုင်ငံတည်းသား ပြိုင်ဘက် စတန်ဝေါ်ရင်ကာကို အဆုံးအဖြတ်ပွဲလတ် ရောက်ရှိသည်အထိ အကြိတ်အနယ် အားပြိုင်ကာ ၇-၅၊ ၆-၃၊ ၁-၆၊ ၄-၆၊ ၆-၃ ဖြင့် အနိုင်ယူသွားခဲ့ကြောင်း BBC က ဖော်ပြထားသည်။

လက်ရှိတွင် ကမ္ဘာ့အဆင့် ၁၇ နေရာ၌ ရပ်တည်နေရသည့် ဖက်ဒါရာသည် ဗိုလ်လုပွဲသို့ တက်ရောက်ရာ လမ်းတစ်လျှောက်တွင် ၎င်းထက် ကမ္ဘာ့အဆင့်သတ်မှတ်ချက် မြင့်မားသည် တိုမတ်စ်ဘာဒစ်ခ်ျ၊ နီရှီကိုရီနှင့် ဝေါ်ရင်ကာတို့ကို အနိုင်ယူကျော်ဖြတ်ခဲ့ကာ ဘက်ဘက်ဒူးဒဏ်ရာကို ခွဲစိတ်ကုသမှု ခံယူလိုက်ခြင်းကြောင့် ခြောက်လကြာ အနားယူခဲ့ရသည့် ဖက်ဒါရာအတွက် ယခုကဲ့သို့ ဂရင်းဆလင်းဗိုလ်လုပွဲ တစ်ခုသို့ တစ်ကျော့ပြန်လည် တက်လှမ်းနိုင်ခဲ့သည်မှာ လွန်စွာစိတ်ကျေနပ်ဖွယ်ပင် ဖြစ်သည်။

ဖက်ဒါရာသည် ၂၀၁၂ ခုနှစ် ဝင်ဘယ်လ်ဒန်ဂရင်းဆလင်း တင်းနစ်ပြိုင်ပွဲတွင် ချန်ပီယံ ဖြစ်ခဲ့ပြီးသည့်နောက်၌ ဂရင်းဆလင်းပြိုင်ပွဲများတွင် ဗိုလ်စွဲခြင်း မရှိတော့သည်မှာ ကာလတစ်ခု ကြာမြင့်သွားခဲ့ပြီ ဖြစ်ပြီး သြစတြေးလျ အိုးပင်းဂရင်းဆလင်း ပြိုင်ပွဲတွင် ဖက်ဒါရာ နောက်ဆုံးအကြိမ် ချန်ပီယံ ဖြစ်ခဲ့သည်မှာ ၂၀၁၀ ပြည့်နှစ်၌ ဖြစ်သည်။

အသက် ၃၅ နှစ်အရွယ်ရှိ ဖက်ဒါရာသည် ဂရင်းဆလင်း အမျိုးသားတစ်ဦးချင်း ပြိုင်ပွဲများတွင် ဗိုလ်လုပွဲအဆင့်သို့ တက်ရောက်ခဲ့သည့် ကစားသမားများအနက်၌် ဒုတိယမြောက် အသက်အကြီးဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီလည်း ဖြစ်ကာ ဂရင်းဆလင်းပြိုင်ပွဲများ သမိုင်းတစ်လျှောက်တွင် ဗိုလ်လုပွဲအဆင့်သို့ တက်လှမ်းနိုင်ခဲ့သူ အသက်အကြီးဆုံ ကစားသမားအဖြစ် စံချိန်တင်ထားသူမှာ ၁၉၇၄ ယူအက်စ်အိုးပင်း ဂရင်းဆလင်းပြိုင်ပွဲတွင် အသက် ၃၉ နှစ် အရွယ်ဖြင့် ဗိုလ်လုပွဲတက်နိုင်ခဲ့သူ သြစတြေးလျ တင်းနစ်ကစားသမား ကင်မ်ရော့စ်ဝေါလ် ဖြစ်သည်။

ဂရင်းဆလင်းပြိုင်ပွဲများတွင် ၁၇ ကြိမ် ချန်ပီယံ ဖြစ်ခဲ့ပြီးဖြစ်သည့် ဖက်ဒါရာသည် ၎င်း၏ ကစားသမားဘဝ ဖြတ်သန်းမှုအတွင်း ဂရင်းဆလင်း ဗိုလ်လုပွဲအဆင့်သို့ ၂၈ ကြိမ်မြောက် တက်လှမ်းလာခဲ့ခြင်း ဖြစ်ကာ သြစတြေးလျ အိုးပင်းဂရင်းဆလင်း ချန်ပီယံဆုကို ဖက်ဒါရာက ၂၀၀၄၊ ၂၀၀၆၊ ၂၀၀၇ နှင့် ၂၀၁၀ ပြည့်နှစ်တို့တွင် ဆွတ်ခူးရရှိခဲ့ဖူးပြီး ဖြစ်သည်။

ဖက်ဒါရာသည် ၎င်း၏ ကစားသမားဘဝ ဖြတ်သန်းမှုအတွင်း ဝေါ်ရင်ကာနှင့် ဂရင်းဆလင်းပြိုင်ပွဲများတွင် ဆုံတွေ့ခဲ့ရာ၌ ပထမဆုံးအကြိမ်အဖြစ် အဆုံးအဖြတ်ပွဲလတ်တိုင်သည် အထိ (ပွဲလတ်ငါးပွဲပြည့်သည် အထိ) ကစားလိုက်ရခြင်း ဖြစ်ကာ ၎င်းတို့နှစ်ဦး၏ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ပွဲကစားချိန် သုံးနာရီနှင့် ငါးမိနစ် ကြာမြင့်မှု ရှိခဲ့သည်။

သြစတြေးလျအိုးပင်း ဂရင်းဆလင်း တင်းနစ်ပြိုင်ပွဲ အမျိုးသားတစ်ဦးချင်း ဒုတိယ ဆီမီးဖိုင်နယ် ပွဲစဉ်ကို ယနေ့ (ဇန်နဝါရီလ ၂၇ ရက်) တွင် ဆက်လက်ယှဉ်ပြိုင်စေသွားမည် ဖြစ်ပြီး အဆိုပါ ဒုတိယမြောက် ဆီမီးဖိုင်နယ် ပွဲစဉ်တွင် စပိန်တင်းနစ်ကစားသမား ရာဖေးလ်နာဒယ်လ်နှင့် ဘူဂေးရီးယား တင်းနစ်ကစားသမား ဒီမီထရော့ဗ်တို့ ထိပ်တိုက်ဆုံတွေ့လျက် ရှိသည်။