News

POST TYPE

SPORTS

ကွန်ကာကပ်ဖ် လက်အောက်က ခွဲထွက်ရန် ကာရစ်ဘီယံ ဘောလုံးအဖွဲ့ချုပ် စီစဉ်
နယူးယောက်၊ ဇန်နဝါရီ ၂၄

ကာရစ်ဘီယံ ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူများသည် ကွန်ကာကပ်ဖ် ဘောလုံးအဖွဲ့ချုပ်လက်အောက်က ခွဲထွက်၍ သီးသန့် အဖွဲ့အစည်း တစ်ခုအဖြစ် ရပ်တည်ရန် စီစဉ်နေပြီဖြစ်ကာ ကွန်ကာကပ်ဖ်ဇုန်အတွက် ပေးအပ်သည့် အခွင့်အရေးများကို အင်အားကြီးနိုင်ငံများက လက်ဝါးကြီး အုပ်ရယူနေခြင်းကို ၎င်းတို့အနေနှင့် လွန်စွာ စိတ်ပျက်နေပြီဖြစ်ကြောင်း ကာရစ်ဘီယံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဂေါ်ဒွန်ဒဲရစ်ခ်က အသိပေး ပြောကြားလိုက်သည်ဟု Sportmail က ဖော်ပြထားသည်။

ဂေါ်ဒွန်ဒဲရစ်ခ်သည် မီယာမီတွင် ကျင်းပခဲ့သည့် ကာရစ်ဘီယံ ဘောလုံးအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် အစည်းအဝေးပွဲတွင် ၎င်း၏ သဘောထားကို တင်ပြလိုက်ခြင်းဖြစ်ကာ ကွန်ကာကပ်ဖ် ဘောလုံးအဖွဲ့ချုပ်လက်အောက်က ခွဲထွက်ရေးအတွက် လမ်းညွှန်မြေပုံ တစ်ရပ်ကိုလည်း ဒဲရစ်ခ်က ရေးဆွဲထားပြီဖြစ်သည်။

ကာရစ်ဘီယံ ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူများသည် လူငယ်မျိုးဆက်သစ် ကစားသမား မွေးထုတ်ရေး စီမံကိန်းများအတွက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က ကွန်ကာကပ်ဖ်ဇုန်ကို ထောက်ပံ့မှုများ ပေးအပ်ချိန်တွင် အမေရိကန် ပြည်ထောင်စုနှင့် ကနေဒါတို့ကဲ့သို့ အင်အားကြီးနိုင်ငံများက နိုင်ငံငယ်များကို လျစ်လျူရှု၍ ၎င်းတို့အကျိုးကို အဓိကထားကာ ဝေစုခွဲလေ့ ရှိသည်ကို လွန်စွာ စိတ်ပျက်နေပြီဖြစ်ပြီး ကာရစ်ဘီယံ ဘောလုံးအဖွဲ့ချုပ်အဖြစ် သီးသန့် ခွဲထွက်လိုက်နိုင်မည်ဆိုပါက အနာဂတ်ကာလတွင် ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပခွင့်မျိုးကိုပင် ရလာနိုင်ကြောင်း ဒဲရစ်ခ်က ပြောကြားသွားခဲ့သည်။

ကွန်ကာကပ်ဖ်ဇုန်သည် ဖီဖာက သတ်မှတ်ပေးထားသည့် ကမ္ဘာ့ဖလားပြိုင်ပွဲ အလှည့်ကျ ကျင်းပခွင့်စနစ်အရ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အိမ်ရှင်ဖြစ်ခွင့် ရရှိထားပြီဖြစ်ကာ ယင်းအိမ်ရှင်ဖြစ်ခွင့်ကို ရယူရန် အမေရိကန် ပြည်ထောင်စု၊ ကနေဒါနှင့် မက္ကဆီကိုတို့က အပြိုင်အဆိုင် ကြိုးပမ်းနေကြလျက်ရှိသည်။

သတင်းမီဒီယာများနှင့် တွေ့ဆုံခဲ့ရာတွင် ဒဲရစ်ခ်က “ကွန်ကာကပ်ဖ်ဇုန်အတွက် အခွင့်အရေးတစ်ခု ထွက်ပေါ်လာပြီဆိုရင် နိုင်ငံကြီးတွေကပဲ အမြဲရယူသွားလေ့ ရှိပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲ အိမ်ရှင်ဖြစ်ခွင့်ဆိုရင်လည်း နိုင်ငံငယ်တွေကသာ နောက်ဆုတ်ပေးရစမြဲပါ။ အနာဂတ်အတွက် မျှော်ကိုးပြီး စွန့်စားမှုတစ်ရပ် လုပ်သွားဖို့ ကျွန်တော်တို့ စဉ်းစားနေပါတယ်။ အဲ့ဒါကတော့ ကွန်ကာကပ်ဖ် ဘောလုံးအဖွဲ့ချုပ်လက်အောက်က နုတ်ထွက်ပြီး ကာရစ်ဘီယံ ဘောလုံးအဖွဲ့ချုပ်အဖြစ် သီးသန့် ရပ်တည်သွားဖို့ပါပဲ”ဟု အသိပေးသွားခဲ့သည်။

ကာရစ်ဘီယံ ဘောလုံးအဖွဲ့ချုပ် လက်အောက်တွင် နိုင်ငံပေါင်း ၃၁ နိုင်ငံ ပါရှိပြီး ကျူးဘား၊ ဟေတီ၊ ဂျမေကာနှင့် ထရီနီဒက်-တိုဘာဂိုတို့မှာ ကာရစ်ဘီယံဒေသ၏ ဘောလုံးအင်အားကြီး နိုင်ငံများအဖြစ် ရပ်တည်လျက်ရှိသည်။