News

POST TYPE

SPORTS

ကလောက်ခ်ျနှင့် ဖာဂူဆန် စံချိန်ကို အမီလိုက်လိုကြောင်း မော်ရင်ညို ဖွင့်ဟ
မန်ချက်စတာ၊ ဇန်နဝါရီ ၁၁

မန်ယူနည်းပြ မော်ရင်ညိုသည် ၎င်းအနေနှင့် လိဂ်ဖလားပြိုင်ပွဲကို တန်ဖိုးထား၍ ယှဉ်ပြိုင်နေသည်မှာ ဂန္ထဝင် နည်းပြကြီးများ ဖြစ်သည့် ဘရိုင်ယန်ကလောက်ခ်ျနှင့် ဖာဂူဆန်တို့၏ စံချိန်များကို အမီလိုက်လို၍ ဖြစ်သည်ဟု ဖွင့်ဟအသိပေးလိုက်ကြောင်း Daily Star က ဖော်ပြထားသည်။

မန်ယူသည် လိဂ်ဖလား ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်တွင် ဟားလ်စီးတီးကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိလိုက်သည့်အတွက် ဗိုလ်လုပွဲသို့ တက်လှမ်းနိုင်ရန် အခြေအနေကောင်းတစ်ရပ် ပိုင်ဆိုင်ထားပြီ ဖြစ်ပြီး ဟားလ်စီးတီး၏ အိမ်ကွင်းသို့ သွားရောက်ကစားရမည့် ဒုတိယအကျော့ ပွဲစဉ်ကိုလည်း အလေးအနက်ထား၍ ယှဉ်ပြိုင်သွားမည်သာ ဖြစ်ပါကြောင်း မော်ရင်ညိုက ပြောကြားထားသည်။

ဘရိုင်ယန်ကလောက်ခ်ျသည် နော်တင်ဟမ်ဖောရက်စ် အသင်းကို တာဝန်ယူ ကိုင်တွယ်ခဲ့စဉ် ကာလအတွင်း ၁၉၇၈၊ ၁၉၇၉၊ ၁၉၈၉ နှင့် ၁၉၉၀ ပြည့်နှစ်တို့တွင် အသင်းကို လိဂ်ဖလား ချန်ပီယံ ဖြစ်စေရန် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး နည်းပြဖာဂူဆန်ကမူ ၁၉၉၂၊ ၂၀၀၆၊ ၂၀၀၉ နှင့် ၂၀၁၀ ပြည့်နှစ်တို့တွင် မန်ယူနှင့်အတူ လိဂ်ဖလားကို ဆွတ်ခူးရယူနိုင်ခဲ့ခြင်း ဖြစ်သည်။

မော်ရင်ညိုသည် ချယ်လ်ဆီးအသင်းကို တာဝန်ယူ ကိုင်တွယ်ခဲ့စဉ်အတွင်း လိဂ်ဖလားကို သုံးကြိမ်တိုင် ဆွတ်ခူးရရှိခဲ့ဖူးကာ ယခုနှစ်တွင် မန်ယူနှင့်အတူ လိဂ်ဖလားပြိုင်ပွဲ၌ ချန်ပီယံဖြစ်ခဲ့မည် ဆိုပါက လိဂ်ဖလားပြိုင်ပွဲ သမိုင်းကြောင်းတစ်လျှောက် အအောင်မြင်ဆုံး နည်းပြများအဖြစ် မှတ်တမ်းရေးထိုးထားသော ကလောက်ခ်ျနှင့် ဖာဂူဆန်တို့၏ စံချိန်ကို မော်ရင်ညိုက လိုက်မီသွားတော့မည် ဖြစ်သည်။

သတင်းထောက်များနှင့် တွေ့ဆုံခဲ့ရာတွင် မော်ရင်ညိုက “ကျွန်တော့်ဘ၀မှာ လိဂ်ဖလားပြိုင်ပွဲကို မထီမဲ့မြင် ဘယ်တုန်းကမှ မလုပ်ခဲ့ပါဘူး။ အကောင်းဆုံးအသင်း လူစာရင်းကို ပွဲထုတ်ပြီး အလေးထား ယှဉ်ပြိုင်ခဲ့တာချည်းပါပဲ။ ကလောက်ခ်ျနဲ့ ဖာဂူဆန်တို့ တင်ရှိထားတဲ့ စံချိန်တွေကို ကျွန်တော် အမီလိုက်လိုပါတယ်။ အခွင့်ရရင် ကျော်တက်ဖို့အထိကို စိတ်ကူးထားတာပါ။ ဗိုလ်လုပွဲတက်ဖို့ အတွက်ကတော့ ဒုတိယအကျော့ကို အကောင်းဆုံးပုံစံနဲ့ ကစားနိုင်ဖို့ လိုနေပါသေးတယ်။ ဟားလ်စီးတီးဟာ သူ့ရဲ့အိမ်ကွင်းကနေပြီး ကျွန်တော်တို့ကို စိန်ခေါ်မှုအပြည့်နဲ့ စောင့်ကြိုနေမှာပါ။ ပရီးမီးယားလိဂ်ပွဲစဉ် သွားကစားတုန်းက ပွဲပြီးခါနီး နာကျင်အချိန်ပိုဆီ အရောက်မှာ ရတ်ရှ်ဖို့ဒ်က ဂိုးသွင်းပေးနိုင်ခဲ့လို့ ကျွန်တော်တို့ အနိုင်ရခဲ့တာ အမှတ်ရစရာပါပဲ။ ကျွန်တော်တို့ အာရုံစူးစိုက်မှု အပြည့်ထားပြီး ကစားနိုင်ဖို့ လိုပါလိမ့်မယ်” ဟု ပြောကြားသွားခဲ့သည်။