POST TYPE

SPORTS

လီဗာပူးနှင့်ပွဲတွင် အီဘရာဟီမိုဗစ် ပါဝင်မည်၊ ဆွီဒင်ဘုရင် ဖြစ်လိုကြောင်း အီဘရာဟီမိုဗစ် အသိပေး
မန်ချက်စတာ၊ ဇန်နဝါရီ ၁၁

မန်ယူနည်းပြ မော်ရင်ညိုသည် လာမည့် တနင်္ဂနွေနေ့၌ လီဗာပူးနှင့် ယှဉ်ပြိုင်ရမည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် အသင်းပွဲထွက် လူစာရင်း၌ တိုက်စစ်မှူး အီဘရာဟီမိုဗစ် ကျိန်းသေပါဝင်လာလိမ့်မည် ဖြစ်ကြောင်း အတည်ပြုသွားခဲ့ပြီး မန်ယူက ဟားလ်စီးတီးကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့် လိဂ်ဖလား ဆီမီးဖိုင်နယ် ပထမအကျော့ ပွဲစဉ်တွင် အီဘရာဟီမိုဗစ်ကို ထည့်သွင်းအသုံးပြုရန် စီစဉ်ထားခဲ့သော်လည်း ၎င်း၏ ကစားသမားဖြစ်သူမှာ အဖျားဝေဒနာ ခံစားနေခဲ့ရသည့်အတွက် အဆင်မပြေခဲ့ကြောင်း မော်ရင်ညိုက အသိပေးသွားခဲ့သည်ဟု Manchester Evening News က ဖော်ပြထားသည်။

မော်ရင်ညိုသည် မန်ယူနှင့် လီဗာပူးတို့ ယှဉ်ပြိုင်ကြမည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် အီဘရာဟီမိုဗစ်မှာ ပြိုင်ပွဲကို အဆုံးအဖြတ်ပေးမည့်သူ ဖြစ်လာနိုင်ကြောင်း သုံးသပ်ထားပြီး မန်ယူက ရက်ဒင်းကို လေးဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည့် အက်ဖ်အေဖလား တတိယအဆင့် ပွဲစဉ်တွင် ကြွက်သားဒဏ်ရာ ရရှိခဲ့သော နောက်ခံလူ ရိုဂျိုမှာမူ ကြံ့ခိုင်မှု မပြည့်ဝသေးသည့်အတွက် ပွဲကစားနိုင်စွမ်းရှိမည်၊ မရှိမည်ကို ပြိုင်ပွဲနီးကပ်ချိန်သို့ ရောက်မှသာ ဆုံးဖြတ်နိုင်လိမ့်မည် ဖြစ်ကြောင်းလည်း မော်ရင်ညိုက ဆက်လက်အသိပေးထားသေးသည်။

အီဘရာဟီမိုဗစ်သည် လက်ရှိဘောလုံးရာသီတွင် ပြိုင်ပွဲအရပ်ရပ်၌ မန်ယူအတွက် ပွဲစဉ် ၂၈ ပွဲ ပါဝင်ကစားခွင့် ရရှိခဲ့ရာတွင် သွင်းဂိုး ၁၈ ဂိုး ရယူပေးထားနိုင်ခဲ့ပြီ ဖြစ်ကာ လီဗာပူးနှင့် ပွဲစဉ်တွင် အနိုင်ရလဒ်ကို ရယူနိုင်ခဲ့မည် ဆိုပါက မန်ယူမှာ ပရီးမီးယားလိဂ် ချန်ပီယံပြေးလမ်း အတွင်းသို့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ယုံကြည်ချက်အပြည့်ဖြင့် တစ်ကျော့ပြန်လည် ရောက်ရှိလာလိမ့်မည်ဟု မန်ယူကွင်းလယ် ကစားသမားဟောင်းတစ်ဦး ဖြစ်သည့် ပေါလ်စခိုးကလည်း ခန့်မှန်းထားသည်။

အီဘရာဟီမိုဗစ်သည် အနာဂတ်ကာလတွင် ဆွီဒင်ထီးနန်းကို ဆက်ခံကာ ဆွီဒင်ဘုရင် ဖြစ်လိုသည့် ဆန္ဒရှိနေပြီး ၎င်း၏ဆန္ဒကို ဖိုတိုရှော့ပ် (Photoshop) နည်းပညာဖြင့် ဖန်တီးထားသည့် ဓာတ်ပုံတစ်ပုံကို ၎င်း၏ အင်စထရာဂရမ် စာမျက်နှာထက်သို့ လွှင့်တင်၍ အီဘရာဟီမိုဗစ်က အသိပေးထားပြီ ဖြစ်သည်။

အီဘရာဟီမိုဗစ်သည် ဆွီဒင်ဘုရင်၏ မင်းမြောက်တန်ဆာများကို ဝတ်ဆင်ထားသည့်ဟန်ဖြင့် ယင်းဓာတ်ပုံကို ဖန်တီးထားခြင်းဖြစ်ပြီး ဓာတ်ပုံ၏အောက်တွင် “ကားလ် ၁၂ ဂတ်ဇ်တပ်ဖ်” ဟု အီဘရာဟီမိုဗစ်က ရေးသားဖော်ပြထားသည်။

လက်ရှိတွင် ဆွီဒင်ထီးနန်းကို ကားလ် ၁၁ ဂတ်ဇ်တပ်ဖ်ဘုရင်က စိုးစံလျက်ရှိပြီး ၎င်းတွင် သားတော်တစ်ဦး၊ မြေးတော်သုံးဦး ရှိသည့်အတွက် အီဘရာဟီမိုဗစ်၏ ဆွီဒင်ဘုရင် ဖြစ်ခွင့်ရရေးမှာ စိတ်ကူးယဉ် အဖြစ်နှင့်သာ ပြီးဆုံးသွားရဖွယ် ရှိနိုင်ကြောင်း မှတ်ချက်ပေးမှုများလည်း ရှိနေသည်။