News

POST TYPE

SPORTS

မက်ဆီ အထိမ်းအမှတ် ရုပ်တုကို မသမာသူများ ဖျက်ဆီး
11-Jan-2017 tagged as

ဗျူနိုအေရိစ်၊ ဇန်နဝါရီ ၁၀

အာဂျင်တီးနားနိုင်ငံ ဗျူနိုအေရိစ်မြို့တွင် အာဂျင်တီးနား လက်ရွေးစင်အသင်း တိုက်စစ်မှူး မက်ဆီကို ဂုဏ်ပြုသောအားဖြင့် ထုလုပ်ထားသော ရုပ်တုကို မသမာသူများက ဖျက်ဆီးသွားခဲ့ကြောင်း Marca က ဖော်ပြထားသည်။

ဗျူနိုအေရိစ်မြို့တော်ဝန် လာရီတာသည် လက်ရှိတွင် ပျက်စီးသွားသော မက်ဆီရုပ်တုကို ပြတိုက်သို့ ပို့ဆောင် သိမ်းဆည်း ထားလိုက်ပြီဖြစ်ပြီး ရုပ်တုကို အမြန်ဆုံး ပြန်လည် ပြုပြင်နိုင်စေရန် အစီအစဉ်များ ရေးဆွဲနေပြီ ဖြစ်ကြောင်းလည်း မြို့တော်ဝန် လာရီတာက အသိပေးထားပြီဖြစ်သည်။

မသမာသူများသည် မက်ဆီ ဂုဏ်ပြုရုပ်တုကို ခါးလယ်က ဖြတ်၍ ဖျက်စီးသွားခဲ့ခြင်းဖြစ်ပြီး ပြစ်မှု ကျူးလွန်သူများကို အများဆုံး ဖမ်းဆီးရမိစေရန်လည်း ၎င်းတို့အနေနှင့် ဆောင်ရွက်နေပြီဖြစ်ကြောင်း ဗျူနိုအေရိစ် ရဲတပ်ဖွဲ့က ထုတ်ပြန် ကြေညာထားသည်။

ဗျူနိုအေရိစ် မြို့တော်ဝန် လာရီတာသည် မက်ဆီရုပ်တုကို ဗျူနိုအေရိစ်မြို့ရှိ “ဂုဏ်ကျက်သရေ လျှောက်လမ်း”တွင် ထားရှိခဲ့ခြင်းဖြစ်ကာ အဆိုပါ ဂုဏ်ကျက်သရေ လျှောက်လမ်းထက်၌ မက်ဆီနှင့်အတူ ဂုဏ်ပြုခံထားရသည့် အခြားသော အာဂျင်တီးနား ကြယ်ပွင့် အားကစားသမားများမှာ ဟော်ကီမယ် လူစီယာနာ အေမာ၊ တင်းနစ်မယ် ဂါဘရိုင်လာ ဆာဘာတီနီ၊ တင်းနစ်ကစားသမား ဂွီလာမို ဗီလတ်စ်၊ ဘတ်စကက်ဘော ကစားသမား မာနူး ဂျီနိုဘီလီနှင့် ဖော်မြူလာဝမ်း ကမ္ဘာ့ချန်ပီယံဆုရ ပြိုင်ကားမောင်းသမား မန်နျူရယ်လ် ဖန်ဂီယိုတို့ဖြစ်ကြသည်။

ဗျူနိုအေရိစ်မြို့တော်ဝန် လာရီတာသည် မက်ဆီက ရာပြည့်ကိုပါ အမေရိကဖလား ဗိုလ်လုပွဲအပြီးတွင် လက်ရွေးစင် ကစားသမားဘဝကို ကျောခိုင်းပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်ကို ဖြောင်းဖြရန်အတွက် ယင်းဂုဏ်ပြုရုပ်တုကို ထုလုပ်ခဲ့ခြင်းဖြစ်ပြီး ရုပ်တု ဖျက်ဆီးသူများကို ဖမ်းဆီးရမိပါက အများပြည်သူဆိုင်ရာ အထိမ်းအမှတ် ပစ္စည်းကို ဖျက်ဆီးသည့် ဥပဒေပုဒ်မဖြင့် တရားစွဲဆိုသွားမည်ဟုလည်း မြို့တော်ဝန် လာရီတာက အသိပေးထားသေးသည်။

  • TAGS