POST TYPE

SPORTS

အသင်း ၄၈ သင်းပါဝင်မည့် ကမ္ဘာ့ဖလား ပြိုင်ပွဲစနစ်သစ် အတည်ဖြစ်၊ ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် စတင် ကျင့်သုံးမည်
11-Jan-2017 tagged as ကမ္ဘာ့ဖလား


ဇူးရစ်ခ်ျ၊ ဇန်နဝါရီ ၁၀

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ) ဥက္ကဋ္ဌသစ် အင်ဖန်တီနို ရေးဆွဲ တင်ပြထားသည့် အသင်း ၄၈ သင်း ပါဝင်သည့် ကမ္ဘာ့ဖလား ပြိုင်ပွဲစနစ်သစ်သည် မဲခွဲဆုံးဖြတ်မှု အောင်မြင်သွားခဲ့ပြီဖြစ်ကာ ယင်းစနစ်သစ်ကို လာမည့် ၂၀၂၆ ခုနှစ်တွင် ကျင်းပမည့် ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် စတင် ကျင့်သုံးသွားမည်ဟု ဖီဖာက အတည်ပြုလိုက်ပြီဖြစ်ကြောင်း BBC က ဖော်ပြထားသည်။

ဖီဖာသည် တစ်အုပ်စုလျှင် အသင်း လေးသင်းစီ ပါဝင်သည့် အုပ်စု ရှစ်ခုဖြင့် ကျင်းပနေသော လက်ရှိ ကမ္ဘာ့ဖလား ပြိုင်ပွဲစနစ်ကို ကာတာနိုင်ငံတွင် ကျင်းပမည့် ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲတိုင်သည်အထိ ဆက်လက် အသုံးပြုသွားမည်ဖြစ်ကာ အသင်း အရေအတွက် ၄၈ သင်း ပါရှိမည့် ကမ္ဘာ့ဖလား ပြိုင်ပွဲစနစ်သစ်အတွက် မဲခွဲဆုံးဖြတ်ရာတွင် မည်သို့သော မဲရလဒ် ထွက်ပေါ်လာခဲ့သည်ဆိုခြင်းကို ဖီဖာက အတိအကျ ထုတ်ပြန်ခြင်း မရှိခဲ့ဘဲ ယင်းစနစ်ကို လိုလားသူများဘက်က အောင်ပွဲခံသွားသည်ဆိုခြင်းကိုသာ ဖီဖာက အသိပေးထားသည်။

ဖီဖာသည် ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲကို တစ်အုပ်စုလျှင် အသင်း သုံးသင်းစီ ပါဝင်သည့် အုပ်စု ၁၆ ခုဖြင့် ကျင်းပမည်ဖြစ်ကာ အုပ်စု ပထမနှင့် ဒုတိယနေရာ ရရှိသည့် အသင်းများမှာ ၃၂ သင်း ရှုံးထွက်အဆင့်သို့ ဆက်လက် တက်လှမ်းခွင့် ရရှိကြလိမ့်မည်ဖြစ်သည်။

၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲ၏ အုပ်စုအဆင့်တွင် ရဂိုး၊ ပေးဂိုနှင့် ရမှတ် တူညီသည့် အခြေအနေများ ဖြစ်ပေါ်လာခဲ့ပါက နောက်တစ်ဆင့် တက်ရောက်ရေးအတွက် ပင်နယ်တီ အဆုံးအဖြတ် ကန်သွင်းစေသည့်စနစ်ကို ကျင့်သုံးသွားမည်ဖြစ်ပြီး ဥရောပ ဘောလုံးအဖွဲ့ချုပ်(ယူအီးအက်ဖ်အေ) လက်အောက်ရှိ ဘောလုံးအင်အားကြီး နိုင်ငံများကမူ ၎င်းတို့အနေနှင့် ပွဲစဉ် အရေအတွက် ပိုမို များလာခြင်းကြောင့် ကစားသမားများ ပွဲပန်းမှုဒဏ် ပိုမို ခံစားရဖွယ် ရှိနေသည့် ၄၈ သင်း စနစ်သစ်ကို သဘောကျခြင်း လုံးဝ မရှိပါကြောင်း အတိအလင်း ကန့်ကွက် ပြောကြားထားကြသည်။

အသင်း အရေအတွက် ၃၂ သင်းဖြင့် ကျင်းပနေသည့် လက်ရှိ ကမ္ဘာ့ဖလား စနစ်တွင် ပွဲစဉ် အရေအတွက် စုစုပေါင်း ၆၄ ပွဲ ပါဝင်ပြီး အသစ် ပြောင်းလဲလိုက်သည့် ၄၈ သင်းစနစ်အရ ပွဲစဉ် အရေအတွက် စုစုပေါင်းမှာ ၈၀ သို့ မြင့်တက်လာတော့မည်လည်း ဖြစ်သည်။

ဖီဖာသည် အသင်းအရေအတွက် ၃၂ သင်းဖြင့် ကျင်းပနေသည့် လက်ရှိ ကမ္ဘာ့ဖလား ပြိုင်ပွဲစနစ်တွင် ပြိုင်ပွဲ တစ်ကြိမ်၌ ပျမ်းမျှအားဖြင့် ပေါင် ၅၂၁ သန်းဝန်းကျင် အမြတ် ရရှိနေပြီး အသင်း အရေအတွက် ၄၈ သင်း ပါဝင်မည့်စနစ်သစ်၌ ဖီဖာ၏ အမြတ်အစွန်း ရရှိမှုမှာ များစွာ မြင့်တက်သွားတော့မည်လည်း ဖြစ်သည်။

ဖီဖာသည် ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် အိမ်ရှင်နိုင်ငံ ရွေးချယ်ရန် ဆက်လက် စီစဉ်သွားတော့မည်ဖြစ်ကာ လက်ရှိ ကျင့်သုံးနေသော အလှည့်ကျ စနစ်အရ ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲကို မြောက်အမေရိကတိုက်က အိမ်ရှင် ပြုလုပ်ခွင့် ရရှိလိမ့်မည်ဖြစ်သည်။

၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲကို လက်ခံ ကျင်းပခွင့် ရရှိနိုင်ရန် အမေရိကန် ပြည်ထောင်စု၊ မက္ကဆီကိုနှင့် ကနေဒါတို့က အပြိုင်အဆိုင် စိတ်ဝင်စားနေကြသည်။