POST TYPE

SPORTS

အာစင်ဝင်းဂါး၏ အနာဂတ်ကို တိကျသေချာစွာ သိရမှသာ စာချုပ်သစ်ကို အိုဇေးလ် လက်မှတ်ထိုးမည်
10-Jan-2017 tagged as အာဆင်နယ်

လန်ဒန်၊ ဇန်နဝါရီ ၉

အာဆင်နယ်အသင်း ကွင်းလယ်ကစားသမား အိုဇေးလ်သည် ၎င်းအနေနှင့် နည်းပြ အာစင်ဝင်းဂါး၏ အနာဂတ်ကို တိကျသေချာစွာ သိရှိရပြီးမှသာလျှင် စာချုပ်သစ်ကို လက်မှတ်ထိုးရန် ဆုံးဖြတ်ချက် ချသွားမည်ဟု အသိပေး ပြောကြားလိုက်ကြောင်း Sportmail က ဖော်ပြထားသည်။

အာဆင်နယ်နှင့် အိုဇေးလ်အကြားရှိ လက်ရှိစာချုပ်သည် သက်တမ်းကုန်ဆုံးရန် ၁၈ လသာ လိုတော့ကာ ယင်းအတွက် လွန်ခဲ့သည့်လအနည်းငယ်ခန့် ကတည်းကပင် အာဆင်နယ်အသင်း တာဝန်ရှိသူများက အိုဇေးလ်ကို စာချုပ်သစ် ချုပ်ဆိုနိုင်ရေးအတွက် စိုင်းပြင်းလာခဲ့ကြခြင်း ဖြစ်သည်။

အာဆင်နယ်အသင်း တာဝန်ရှိသူများသည် အာစင်ဝင်းဂါးကို လက်ရှိဘောလုံးရာသီ စတင်ချိန်ကတည်းကပင် စာချုပ်သစ် ကမ်းလှမ်းထားခဲ့ခြင်း ဖြစ်ပြီး အာစင်ဝင်းဂါးကမူ အစောဆုံးအဖြစ် လာမည့် ဧပြီလသို့ ရောက်မှသာ စာချုပ်သစ်ကိစ္စကို စဉ်းစားသွားမည်ဟု အကြောင်းပြန်ကြားထားသည်။

အိုဇေးလ်သည် ၎င်းအနေနှင့် နည်းပြ အာစင်ဝင်းဂါးကြောင့်သာ အာဆင်နယ်ထံတွင် ကစားသမားဘဝ ဖြတ်သန်းဖြစ်နေခြင်း ဖြစ်ကြောင်း ရှင်းပြထားပြီး အာစင်ဝင်းဂါးမှာ ၎င်းကို အမြဲတစေ ယုံကြည်မှု အပြည့်ထားရှိပေးသူ ဖြစ်သည်ဟုလည်း အိုဇေးလ်က ဆက်လက်ပြောကြားသွားခဲ့သေးသည်။

အိုဇေးလ်သည် လက်ရှိဘောလုံးရာသီတွင် အာဆင်နယ်အတွက် ပြိုင်ပွဲအရပ်ရပ်၌ ပွဲစဉ်ပေါင်း ၂၃ ပါဝင်ကစားခွင့် ရရှိခဲ့ရာတွင် သွင်းဂိုး ကိုးဂိုး၊ ဂိုးဖန်တီးမှု ခြောက်ကြိမ် ရယူပံ့ပိုးပေးနိုင်ခဲ့ကာ စာချုပ်သစ်အတွက် အိုဇေးလ်ဘက်က တောင်းဆိုထားသည့် တစ်ပတ်လုပ်ခလစာ ပေါင်နှစ်သိန်းနှင့် အထက်မှာ အာဆင်နယ်အသင်း တာဝန်ရှိသူများအတွက် စဉ်းစားရ ခက်ခဲစေနိုင်သည့် အချက်တစ်ခု ဖြစ်လျက်ရှိသည်။