News

POST TYPE

SPORTS

ဆာဘော်ဘီချာလ်တန်၏ စံချိန်ကို ရူနီ လိုက်မီ၊ အဝတ်လဲခန်းအတွင်း၌ အင်္ကျီချင်းလဲခဲ့ကြောင်း ဂျော့ခ်ျအီဗန် အသိပေး
မန်ချက်စတာ၊ ဇန်နဝါရီ ၈

မန်ယူတိုက်စစ်မှူး ရူနီသည် မန်ယူက ရက်ဒင်းကို လေးဂိုး ဂိုးမရှိဖြင့် အနိုင် ရခဲ့သည့် အက်ဖ်အေဖလား တတိယအဆင့် ပွဲစဉ်တွင် အသင်းအတွက် သွင်းဂိုး တစ်ဂိုး ရယူပေးနိုင်ခဲ့ခြင်းနှင့်အတူ မန်ယူအသင်း သမိုင်းကြောင်းတစ်လျှောက် ဂိုးအများဆုံး သွင်းယူရရှိထားသူအဖြစ် စံချိန်စိုက်ထူထားသည့် ဂန္ထဝင် ကစားသမားကြီး ဆာဘော်ဘီချာလ်တန်၏ သွင်းဂိုး အရေအတွက်ကို အမီလိုက်သွားနိုင်ခဲ့ပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။

အသက် ၃၁ နှစ်အရွယ်ရှိ ရူနီသည် မန်ယူနှင့် ရက်ဒင်းတို့ ယှဉ်ပြိုင် ကစားခဲ့သည့် အဆိုပါ ပရီးမီးယားလိဂ် ပွဲစဉ်တွင် အသင်းအတွက် အဖွင့်ဂိုးကို ပွဲအစ ခုနစ်မိနစ်တွင် သွင်းယူပေးနိုင်ခဲ့ပြီး ရူနီ ဂိုးသွင်းယူလိုက်ချိန်တွင် ပွဲကြည့်စင်ထက်ရှိ ဆာဘော်ဘီချာလ်တန်နှင့် အသင်းနည်းပြဟောင်း ဖာဂူဆန်တို့က အသင်းပရိသတ်များနည်းတူ မတ်တပ်ရပ် လက်ခုပ်တီးကာ ဂုဏ်ပြု ပေးခဲ့ကြသည်။

ဆာဘော်ဘီချာလ်တန်သည် မန်ယူအသင်းကို ကိုယ်စားပြု၍ ပွဲစဉ်ပေါင်း ၇၅၈ ပွဲ ကစားခွင့် ရရှိခဲ့ရာတွင် သွင်းဂိုးပေါင်း ၂၄၉ ဂိုး ရယူကာ အသင်းသမိုင်းကြောင်းတစ်လျှောက် သွင်းဂိုး အများဆုံး ကစားသမားဟူသည့် စံချိန်ကို တင်ရှိနိုင်ခဲ့ခြင်းဖြစ်ပြီး ရူနီမှာ မန်ယူကို ကိုယ်စားပြု၍ ပွဲစဉ်ပေါင်း ၅၄၃ ပွဲ ကစားအပြီးတွင် ယင်းစံချိန်ကို အမီလိုက်သွားနိုင်ခဲ့ခြင်းဖြစ်သည်။

ရူနီသည် အင်္ဂလန် လက်ရွေးစင်အသင်း ကစားသမားဘဝ ဖြတ်သန်းမှုတွင်လည်း ဆာဘော်ဘီချာလ်တန်၏ စံချိန်ကို ကျော်ဖြတ်၍ လက်ရွေးစင် အသင်းသမိုင်းကြောင်း တစ်လျှောက် သွင်းဂိုး အများဆုံး ကစားသမားအဖြစ် စံချိန်သစ် တင်ရှိလိုက်နိုင်ပြီဖြစ်ကာ ဆာဘော်ဘီချာလ်တန်မှာ အင်္ဂလန် လက်ရွေးစင်အသင်းကို ကိုယ်စားပြု၍ ပွဲစဉ်ပေါင်း ၁၀၆ ပွဲကစားခွင့် ရရှိခဲ့ရာတွင် သွင်းဂိုးပေါင်း ၄၉ ဂိုး ရယူပေးနိုင်ခဲ့သူဖြစ်သည်။

ရူနီသည် အင်္ဂလန် လက်ရွေးစင် အသင်းအတွက် ပွဲစဉ်ပေါင်း ၁၁၆ ပွဲ ပါဝင်ကစားခွင့် ရရှိခဲ့ရာတွင် သွင်းဂိုး ၅၃ ဂိုး ရယူပေးထားပြီးဖြစ်ကာ အင်္ဂလန် အသင်းခေါင်းဆောင်ဟောင်း ဒေးဗစ်ဘက်ခမ်း တင်ရှိခဲ့သည့် လက်ရွေးစင်အသင်း သမိုင်းကြောင်းတစ်လျှောက် ပွဲအရေအတွက် အများဆုံး ကစားခွင့်ရရှိသူ စံချိန်ဟောင်းကိုလည်း ရူနီက ချိုးဖျက်ကျော်ဖြတ်ထားပြီဖြစ်သည်။

ရူနီသည် မန်ယူနှင့် ရက်ဒင်းတို့ ယှဉ်ပြိုင် ကစားခဲ့သည့် ပွဲစဉ်အပြီးတွင် ရက်ဒင်းကွင်းလယ်ကစားသမား ဂျော့ခ်ျအီဗန်စ်နှင့် ဂျာစီအင်္ကျီချင်း လဲလှယ်ရန် ကမ်းလှမ်းခဲ့ကာ ဘောလုံးကွင်းအတွင်း၌ အီဗန်က ရူနီ၏ကမ်းလှမ်းမှုကို ငြင်းဆန်လိုက်သည့် ဗီဒီယိုဖိုင်ကိုကြည့်၍ ဝေဖန်မှု များစွာ ထွက်ပေါ်နေခြင်းကို အီဗန်က ရှင်းပြသွားခဲ့ပြီလည်း ဖြစ်သည်။

ပရိသတ်များသည် အီဗန်မှာ မန်စီးတီး ကစားသမားဟောင်း တစ်ဦးဖြစ်သည့်အတွက် ရူနီ၏ကမ်းလှမ်းမှုကို ငြင်းဆန်လိုက်ခြင်း ဖြစ်ဖွယ်ရှိသည်ဟု ခန့်မှန်းခဲ့ကြခြင်းဖြစ်ပြီး လက်ရှိတွင် အီဗန်က အသင်း ရှုံးနိမ့်ချိန်တွင် ဘောလုံးကွင်း အတွင်း၌ အမှတ်တရ ဂျာစီအင်္ကျီ လဲလှယ်သည့်လုပ်ရပ်မျိုးကို မလုပ်လိုသည့်အတွက် “အဝတ်လဲခန်းသွားတဲ့ ဥမင်လမ်းမှာ လဲကြရအောင်”ဟု ရူနီကို ပြောကြားလိုက်ခြင်းသာ ဖြစ်ပါကြောင်း၊ ရူနီနှင့် ၎င်းတို့ အင်္ကျီချင်း လဲလှယ်ဖြစ်ခဲ့ကြပြီး ဆာဘော်ဘီချာလ်တန်၏ သွင်းဂိုးစံချိန်ကို အမီလိုက်နိုင်ခဲ့သည့် အမှတ်တရ သမိုင်းကြောင်း တစ်ခုပါရှိနေသည့် ရူနီ၏ဂျာစီကို ပိုင်ဆိုင်ခွင့် ရရှိသည့်အတွက် ကျေနပ်ရပါကြောင်း ရှင်းပြထားပြီဖြစ်သည်။