News

POST TYPE

SPORTS

မှားယွင်းကြောင်း ဂွါဒီယိုလာ ဝန်ခံ၊ အင်္ဂလန်ကစားဟန်ကို နားလည်အောင် ကြိုးပမ်းသွားတော့မည်
09-Jan-2017 tagged as မန်စီးတီး

မန်ချက်စတာ၊ ဇန်နဝါရီ ၈

မန်စီးတီးနည်းပြ ဂွါဒီယိုလာသည် ဘောလုံးရာသီ ပထမပိုင်းကာလတွင် ၎င်းကျင့်သုံးခဲ့သည့် နည်းစနစ်များမှာ မှားယွင်းခဲ့ပါကြောင်း ဖွင့်ဟဝန်ခံလိုက်ပြီ ဖြစ်ကာ လက်ရှိတွင် ၎င်း၏ ဘောလုံးဒဿနဖြင့် အင်္ဂလိပ် ဘောလုံးလောကကို ပြောင်းလဲပစ်မည်ဟု ပြောကြားခဲ့သည့် စကားရပ်ကို ပြန်လည်ရုပ်သိမ်းပါကြောင်းလည်း ဂွါဒီယိုလာက အသိပေးလိုက်ပြီ ဖြစ်သည်ဟု Sportmail က ဖော်ပြထားသည်။

ဂွါဒီယိုလာသည် မန်စီးတီးနည်းပြအဖြစ် တရားဝင် မိတ်ဆက်ပွဲ အခမ်းအနားတွင် မန်စီးတီးကို ဘာစီလိုနာနှင့် ဘိုင်ယန်မြူးနစ်တို့ကဲ့သို့ နည်းဗျူဟာ အသားပေး ကစားတတ်သည့် အသင်းဖြစ်လာစေရန် ပုံသွင်း၍ အင်္ဂလိပ် ဘောလုံးလောကကို အပြောင်းအလဲ လုပ်ပစ်မည်ဟု ကြုံးဝါးပြောကြားခဲ့ကာ ရာသီအစတွင် ပြိုင်ပွဲအရပ်ရပ် ပွဲစဉ် ၁၀ ပွဲ ဆက်တိုက် မန်စီးတီးက အနိုင်ရရှိလိုက်အပြီးတွင် ၎င်း၏ ဘောလုံးဒဿနအတွက် ဂွါဒီယိုလာက လွန်စွာမာန်တက်ခဲ့သေးသည်။

ဂွါဒီယိုလာသည် လွန်ခဲ့သည့် သီတင်းပတ် အနည်းငယ်ခန့်ကလည်း အင်္ဂလိပ်ကလပ် အသင်းများမှာ ဘောလုံးကို မြေတွင် မကစားတတ်ဘဲ အမြင့်ဘောများကို အားပြု၍ လေပေါ်ဝဲနည်း စနစ်ကိုသာ ကျင့်သုံးလွန်းကြောင်း ဝေဖန်ခဲ့သေးကာ လက်ရှိတွင်မူ အင်္ဂလိပ်ဘောလုံးလောကအပေါ် ၎င်းထင်မြင်ခဲ့သည်များမှာ အမှားများသာ ဖြစ်သည်ကို သိရှိသဘောပေါက်လာခဲ့ပြီ ဖြစ်ကြောင်း ဂွါဒီယိုလာက ပြောကြားထားပြီ ဖြစ်သည်။

ဂွါဒီယိုလာသည် မန်စီးတီးက ဝက်စ်ဟမ်းကို ငါးဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည့် အက်ဖ်အေဖလား တတိယအဆင့် ပွဲစဉ်တွင် ၎င်းအနေနှင့် အသင်းကို အင်္ဂလိပ် ဘောလုံးဒဿန အခြေခံသည့် ကစားကွက်ဖြင့် အထိုင်ချခဲ့ခြင်း ဖြစ်သည်ဟု ဝန်ခံလိုက်ပြီဖြစ်ကာ အတိတ်ကာလကမူ ဂွါဒီယိုလာက ၎င်းမှာ အင်္ဂလိပ် ဘောလုံးကစားဟန်ကို တုပမည် မဟုတ်ဘဲ ကိုယ်ပိုင်ဘောလုံးဒဿနဖြင့် မန်စီးတီးကို အောင်မြင်အောင် တည်ဆောက်ပြမည်ဟု ပြောခဲ့ဖူးသေးသည်။

သတင်းထောက်များနှင့် တွေ့ဆုံခဲ့ရာတွင် ဂွါဒီယိုလာက “ဘောလုံးက အရမ်းကို ထူးဆန်းပါတယ်။ နိုင်ငံတစ်ခုတည်းမှာတောင် တစ်နေရာနဲ့ တစ်နေရာ ဘောလုံးအခြေခံက မတူပါဘူး။ နယ်သာလန်မှာ ဆိုရင် အမ်စတာဒမ်မြို့မှာ အခြေစိုက်တဲ့ ကလပ်တွေနဲ့ ရော့တာဒမ်မြို့မှာ အခြေစိုက်တဲ့ ကလပ်တွေက ကစားပုံချင်း လုံးဝကွဲပါတယ်။ အဲ့ဒီအတွက် အလိုက်သင့် စီးမျောတတ်မှု ဆိုတာကို ကျွန်တော်တို့ သင်ယူကြရမှာပါ။ အင်္ဂလိပ် ဘောလုံးလောကကို ကျွန်တော့်ရဲ့ ဘောလုံးဒဿနတွေနဲ့ အပြောင်းအလဲလုပ်ဖို့ ကြိုးစားမယ့် အစီအစဉ်ကို ရပ်ဆိုင်းပစ်လိုက်ပါပြီ။ အင်္ဂလိပ် ဘောလုံးဒဿနတွေကိုပဲ ကျွန်တော် နားလည်အောင် လုပ်သွားတော့မှာပါ။ လက်ရှိမှာလည်း လေ့လာမှုကို ကျွန်တော် စတင်နေပါပြီ” ဟု အသိပေးသွားခဲ့သည်။