POST TYPE

SPORTS

လိဂ်ဖလားပွဲစဉ်တွင် အီဘရာဟီမိုဗစ်နှင့် ပေါ့ဂ်ဘာတို့ကို အသုံးပြုမည်ဟု မော်ရင်ညို အတည်ပြု
09-Jan-2017 tagged as မန်ယူ

မန်ချက်စတာ၊ ဇန်နဝါရီ ၈

မန်ယူနည်းပြ မော်ရင်ညိုသည် လာမည့်အင်္ဂါနေ့တွင် ဟားလ်စီးတီးအသင်းနှင့် ယှဉ်ပြိုင်ရမည့် လိဂ်ဖလား ဆီမီးဖိုင်နယ်ပွဲစဉ် ပထမအကျော့၌ အသင်းအဓိက ကစားသမားများ ဖြစ်သည့် ပေါ့ဂ်ဘာနှင့် အီဘရာဟီမိုဗစ်တို့ကို ပြန်လည်အသုံးပြုသွားမည်ဟု အတည်ပြု ပြောကြားလိုက်ကြောင်း Sky Sports က ဖော်ပြထားသည်။

မော်ရင်ညိုသည် လွန်ခဲ့သည့် စနေနေ့၌ မန်ယူက ရက်ဒင်းကို လေးဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့် အက်ဖ်အေဖလား တတိယအဆင့် ပွဲစဉ်တွင် ပေါ့ဂ်ဘာနှင့် အီဘရာဟီမိုဗစ်တို့ကို အနားပေးထားခဲ့ပြီး လာမည့်စနေနေ့တွင် လီဗာပူးနှင့် ပရီးမီးယားလိဂ်ပွဲစဉ် ကစားရရန် ရှိနေသည့်အတွက် ဟားလ်စီးတီးနှင့် ကစားရမည့် လိဂ်ဖလား ဆီမီးဖိုင်နယ် ပွဲစဉ်တွင်လည်း ပေါ့ဂ်ဘာနှင့် အီဘရာဟီမိုဗစ်တို့ကို ဆက်လက်အနားပေးထားနိုင်ကြောင်း ခန့်မှန်းချက်များ ထွက်ပေါ်နေသည်ကို မော်ရင်ညိုကို ယင်းသို့ တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။

မော်ရင်ညိုသည် ဟားလ်စီးတီးနှင့် ယှဉ်ပြိုင်ရမည့် လိဂ်ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်ကို အလေးအနက်ထား၍ ယှဉ်ပြိုင်ကစားသွားရန်သာ ၎င်းအနေနှင့် ရည်ရွယ်ထားကြောင်း အသိပေးထားပြီး ရက်ဒင်းနှင့်ပွဲတွင် အနားပေးထားခဲ့သည့် ကစားသမားများမှာ ဟားလ်စီးတီးနှင့် ပွဲစဉ်အတွက် ခွန်အားပြည့်ရှိနေကြပြီ ဖြစ်ကြောင်းလည်း မော်ရင်ညိုက ရှင်းလင်းပြောကြားထားသည်။

သတင်းထောက်များနှင့် တွေ့ဆုံခဲ့ရာတွင် မော်ရင်ညိုက “ဝက်စ်ဟမ်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တုန်းက ပွဲထွက်ခွင့် မရခဲ့တဲ့ ကစားသမားတွေကို ရက်ဒင်းနဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ ကျွန်တော် အခွင့်အရေး ပေးခဲ့ပါတယ်။ ပြောရမယ်ဆိုရင် ရက်ဒင်းကို အနားယူခွင့် ရထားလို့ ခွန်အားအပြည့် ရှိနေတဲ့ ကစားသမားတွေနဲ့ ကျွန်တော် ရင်ဆိုင်ခဲ့တာပါ။ ရက်ဒင်းနဲ့ပွဲမှာ အနားယူခွင့်ရခဲ့လို့ လန်းဆန်းမှုအပြည့် ရှိနေမယ့် ကစားသမားတွေကို ဟားလ်စီးတီးနဲ့ပွဲစဉ်မှာ ကျွန်တော် အသုံးပြုသွားပါမယ်။ ဘယ်သူတွေဖြစ်မယ် ဆိုတာကို အားလုံးပဲ လွယ်လင့်တကူ ခန့်မှန်းနိုင်မှာပါ။ အီဘရာဟီမိုဗစ်၊ ပေါ့ဂ်ဘာ၊ ဟာရီရာနဲ့ ဗလင်စီယာတို့ပဲပေါ့” ဟု အသိပေးသွားခဲ့သည်။

မော်ရင်ညိုသည် အသင်းတိုက်စစ် တောင်ပံကစားသမား ဒီပေးကိုလည်း မန်ယူထံတွင် ကစားသမားဘဝ ဆက်လက်ဖြတ်သန်းမည်ဟု ကြိုးစားလိုစိတ် အပြည့်ဖြင့် စိတ်ပိုင်းဖြတ်ခဲ့မည် ဆိုပါက ပွဲထွက်ကစားခွင့်များ ပြန်ပေသွားမည် ဖြစ်ကြောင်း ပြောကြားထားပြီ ဖြစ်ပြီး ပုံမှန်ပွဲထွက်ကစားခွင့် အာမခံချက် ကင်းမဲ့လွန်းသည့် အခြေအနေကို စိတ်ကုန်နေပြီ ဖြစ်သော ဒီပေးကမူ ၎င်းအတွက် ကမ်းလှမ်းမှုများကိုသာ မျှော်စောင့်လျက်ရှိသည်။