POST TYPE

SPORTS

အက်အေဖလား ပြိုင်ပွဲတွင် အာဆင်နယ်နှင့် အာစင်ဝင်းဂါးတို့ စံချိန်သစ်များတင်
09-Jan-2017 tagged as အာဆင်နယ်

လန်ဒန်၊ ဇန်နဝါရီ ၈

အာဆင်နယ်အသင်းနှင့် အသင်းနည်းပြ အာစင်ဝင်းဂါးတို့သည် အာဆင်နယ်က ပရက်စတန်ကို နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် အက်ဖ်အေဖလား တတိယအဆင့် ပွဲစဉ်အပြီးတွင် စံချိန်သစ်များ အသီးသီး တင်ရှိသွားနိုင်ခဲ့ကြောင်း OPTA က ဖော်ပြထားသည်။

နည်ြး့ပ အာစင်ဝင်းဂါးသည် ၎င်း၏ နည်းပြဘဝ ဖြတ်သန်းမှုအတွင်း အက်ဖ်အေဖလား တတိယအဆင့်ကို အမြဲတစေ အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့သည့် နည်းပြအဖြစ် စံချိန်တင်လိုက်ခြင်း ဖြစ်ကာ အာဆင်နယ်အသင်းကမူ အက်ဖ်အေဖလား တတိယအဆင့်ကို ၂၁ နှစ်ဆက်တိုက် အနိုင်ရရှိသည့် စံချိန်အား တင်ရှိသွားခဲ့ခြင်း ဖြစ်သည်။

အာဆင်နယ်အသင်းသည် အက်ဖ်အေဖလား တတိယအဆင့်မှနေ၍ နောက်ဆုံးအကြိမ် ရှုံးနိမ့်ထွက်ခွာခဲ့ရသည်မှာ ၁၉၉၆ ခုနှစ် ဇန်နဝါရီလ၌ ဖြစ်ပြီး အာဆင်နယ်ကို အက်ဖ်အေဖလား တတိယအဆင့်၌ နောက်ဆုံးအနိုင်ရခဲ့သည့် အသင်းမှာ ရှက်ဖီးယူနိုက်တက် ဖြစ်သည်။

အာစင်ဝင်းဂါးသည် ၁၉၉၆ ခုနှစ် အောက်တိုဘာလတွင် အာဆင်နယ်ကို စတင်တာဝန်ယူခဲ့ပြီး ၎င်း၏ လက်အောက်တွင် အာဆင်နယ်က အက်ဖ်အေဖလား တတိယအဆင့်ကို ၂၁ နှစ်ဆက်တိုက် အောင်မြင်စွာ ကျော်ဖြတ်လိုက်နိုင်ခြင်းနှင့်အတူ “အက်ဖ်အေဖလား တတိယအဆင့်၌ နိုင်ပွဲဆက်မှု အရှည်ကြာဆုံးအသင်း” ဟူသည့် စံချိန်ကို ပိုင်ဆိုင်ရရှိသွားခဲ့ခြင်း ဖြစ်သည်။

အာဆင်နယ်သည် အက်ဖ်အေဖလားပြိုင်ပွဲ သမိုင်းတစ်လျှောက် အအောင်မြင်ဆုံးအသင်း ဟူသည့် ဂုဏ်ပုဒ်ကိုလည်း မန်ယူနှင့် ပူးတွဲပိုင်ဆိုင်ထားပြီး အက်ဖ်အေဖလားပြိုင်ပွဲတွင် အာဆင်နယ်နှင့် မန်ယူတို့ ချန်ပီယံဖြစ်ထားသည်မှာ ၁၂ ကြိမ်စီ ရှိထားကြပြီ ဖြစ်သည်။

အက်ဖ်အေဖလားပြိုင်ပွဲသည် ကမ္ဘာ့သက်တမ်းရင့် အထင်ကရ ဘောလုံးပြိုင်ပွဲကြီးအဖြစ် သတ်မှတ်ခံထားရကာ ပြိုင်ပွဲကို ၁၈၇၁-၇၂ ဘောလုံးရာသီ၌ စတင်ကျင်းပခဲ့ခြင်း ဖြစ်သည်။ လက်ရှိကျင်းပနေသော ၂၀၁၆-၁၇ ဘောလုံးရာသီ အက်ဖ်အေဖလားပြိုင်ပွဲကို ပြိုင်ပွဲဝင် အသင်းပေါင်း ၇၃၆ သင်းဖြင့် ကျင်းပခြင်း ဖြစ်ကြောင်း အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (အက်ဖ်အေ) က ထုတ်ပြန်ကြေညာထားသည်။