POST TYPE

SPORTS

ခုနစ်နှစ်အတွင်း နိုင်ပွဲဆက်မှု အရှည်ကြာဆုံး စံချိန်ကို မန်ယူ စိုက်ထူ၊ လီဗာပူးကို နိုင်ပါက ချန်ပီယံပြေးလမ်းတွင်းသို့ မန်ယူဝင်နိုင်မည်ဟု ပေါလ်စခိုး သုံးသပ်
မန်ချက်စတာ၊ ဇန်နဝါရီ ၈

မန်ယူအသင်းသည် ရက်ဒင်းကို လေးဂိုး ဂိုးမရှိဖြင့် အနိုင်ရလိုက်သည့် အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ် အပြီးတွင် ခုနစ်နှစ်တာကာလ ဖြတ်သန်းမှုအတွင်း နိုင်ပွဲဆက်မှု အရှည်ကြာဆုံးစံချိန်ကို တင်ရှိလိုက်နိုင်ပြီ ဖြစ်ပြီး လာမည့် သီတင်းပတ်တွင် ယှဉ်ပြိုင်ရမည့် လီဗာပူးနှင့် ပရီးမီးယားလိဂ်ပွဲစဉ်ကို အနိုင်ရရှိခဲ့မည် ဆိုပါက မန်ယူမှာ ပရီးမီးယားလိဂ် ချန်ပီယံပြေးလမ်း အတွင်းသို့ ကျိန်းသေပြန်ဝင်လာတော့မည် ဖြစ်ပြီး ပြိုင်ဘက်အားလုံးက သတိထားကြရတော့မည် ဖြစ်ကြောင်း မန်ယူကွင်းလယ်လူဟောင်း ပေါလ်စခိုးကလည်း သုံးသပ်ပြောကြားသွားခဲ့သည်ဟု The Mirror က ဖော်ပြထားသည်။ 

မန်ယူသည် ဇော်ယာကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့် ယူရိုပါလိဂ် အုပ်စုပွဲစဉ်က စတင်ကာ ရက်ဒင်းကို လေးဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည့် အက်ဖ်အေဖလား တတိယအဆင့် ပွဲစဉ်တိုင်သည်အထိ ပြိုင်ပွဲအရပ်ရပ်တွင် ရှစ်ပွဲဆက်တိုက် အနိုင်ကစားလိုက်နိုင်ခြင်း ဖြစ်ပြီး ယင်းသို့သော စံချိန်မျိုးကို ဖာဂူဆန် တာဝန်ယူခဲ့သည့် ၂၀၀၉ ခုနှစ် စက်တင်ဘာလတွင် မန်ယူက နောက်ဆုံး ပိုင်ဆိုင်ရရှိခဲ့ဖူးသည်။

မန်ယူသည် ဖီနာဘာချီကို နှစ်ဂိုးတစ်ဂိုးဖြင့် အရေးနိမ့်ခဲ့သည့် ယူရိုပါလိဂ် အုပ်စုပွဲစဉ် နောက်ပိုင်းတွင် ပြိုင်ပွဲအရပ်ရပ် ပွဲစဉ် ၁၄ ပွဲဆက်တိုက် ရှုံးပွဲမရှိ ဖြတ်သန်းနိုင်ခဲ့ပြီ ဖြစ်ကာ မန်ယူအတွက် အလားအလာကောင်း တစ်ခုကို နည်းပြမော်ရင်ညိုက ဖန်တီးလိုက်နိုင်ပြီဟု ၎င်းအနေနှင့် ထင်မြင်ယူဆမိကြောင်း ပေါလ်စခိုးက အသိပေးထားသည်။

သတင်းမီဒီယာများနှင့် တွေ့ဆုံခဲ့ရာတွင် ပေါလ်စခိုးက “မန်ယူဆီမှာ ကောင်းမွန်တဲ့ အနာဂတ်တစ်ခု ပြန်ရှိလာပြီလို့ ကျွန်တော် ယူဆမိပါတယ်။ ချယ်လ်ဆီးက အကျဘက်နည်းနည်း ပြန်ရောက်လာသလို လီဗာပူးမှာကလည်း ဖြေရှင်းရမယ့် ပြဿနာတစ်ချို့ ရှိနေပါတယ်။ လာမယ့်သီတင်းပတ် ရောက်ရင် အိုးလ်ထရက်ဖို့ဒ်မှာ မန်ယူက လီဗာပူးကို ဧည့်ခံကစားရတော့မှာပါ။ အဲ့ဒီပွဲစဉ်ကို အနိုင်ရခဲ့ရင် မန်ယူက ချန်ပီယံ ပြေးလမ်းထဲကို ပြန်ရောက်လာပါလိမ့်မယ်။ အသင်းစိတ်ဓာတ်ကိုလည်း တည်ဆောက်ပြီးသား ဖြစ်သွားပါလိမ့်မယ်။ မန်ယူ လိုအပ်နေတာက ချန်ပီယံပြေးလမ်းထဲက အသင်းတွေကို အနိုင်ပြန်ယူနိုင်စွမ်းရှိပြီ ဆိုတဲ့ ယုံကြည်မှုပါပဲ” ဟု သုံးသပ်ရှင်းပြသွားခဲ့သည်။

ရက်ဒင်းအသင်းကို တာဝန်ယူ ကိုင်တွယ်နေသည့် မန်ယူနောက်ခံလူဟောင်း ဂျပ်စတမ်းကလည်း မော်ရင်ညိုမှာ မန်ယူအသင်းသားများကို စိတ်ဓာတ်ပိုင်းဆိုင်ရာ ယုံကြည်မှုတစ်ခု ထည့်သွင်းပေးလိုက်နိုင်ပြီ်ကို မန်ယူနှင့် ရက်ဒင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် အက်ဖ်အေဖလား တတိယအဆင့် ပွဲစဉ်တွင် ၎င်းအနေနှင့် မြင်တွေ့လိုက်ရကြောင်း ထောက်ခံပြောဆိုသွားခဲ့ကာ နေရာစုံမှနေ၍ ဂိုးသွင်းယူနိုင်စွမ်း ရှိလာသည်က မန်ယူ၏ အားသာချက်ဟု စတမ်းက အသိပေးသွားခဲ့သည်။