POST TYPE

SPORTS

တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုရှင်အဖြစ် ဒီဂီယာကို မမြင်လိုတော့ကြောင်း မော်ရင်ညို အသိပေး
မန်ချက်စတာ၊ ဇန်နဝါရီ ၇

မန်ယူနည်းပြ မော်ရင်ညိုသည် ၎င်းအနေနှင့် ဂိုးသမား ဒီဂီယာကို လက်ရှိ ၂၀၁၆-၁၇ ဘောလုံးရာသီအတွက် မန်ယူအသင်းက ရွေးချယ်သည့် တစ်နှစ်တာ အကောင်းဆုံးဆုရှင်အဖြစ် ဆက်လက်မမြင်တွေ့လိုတော့ကြောင်း အသိပေး ပြောကြားလိုက်သည်ဟု Daily Mail က ဖော်ပြထားသည်။

ဒီဂီယာသည် မန်ယူအသင်းက ရွေးချယ်ပေးအပ်ချီးမြှင့်သည့် တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု (ဆာမတ်ဘတ်စ်ဘီဆု) ကို ဖာဂူဆန်အလွန် သုံးနှစ်တာ ကာလအတွင်း ဆက်တိုက်ဆွတ်ခူးရယူနိုင်ခဲ့ကာ အသင်းတစ်သင်းတွင် ဂိုးသမားဖြစ်သူက တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးရရှိနေသည်မှာ တစ်စုံတစ်ခု မှားယွင်းနေပြီဟူသည့် ဝိသေသလက္ခဏာပင် ဖြစ်ကြောင်း မော်ရင်ညိုက ရှင်းပြသွားခဲ့သည်။

သတင်းထောက်များနှင့် တွေ့ဆုံခဲ့ရာတွင် မော်ရင်ညိုက “ဒီဂီယာဟာ တကယ့်ထိပ်တန်း ဂိုးသမားတစ်ယောက်ပါ။ ဒါကို ယုံမှားသံသယဖြစ်စရာ အကြောင်း လုံးဝမရှိပါဘူး။ တစ်ခါတလေမှာ ဂိုးသမားဖြစ်သူက အသင်းက ရွေးချယ်တဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ရတတ်လေ့ရှိတယ် ဆိုတာ ကျွန်တော် လက်ခံပါတယ်။ ဒါပေမဲ့ ဂိုးသမားတွေ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု ရရှိတဲ့နှစ်ဟာ အသင်းကျရှုံးတဲ့နှစ် ဆိုတာကို သဘောပေါက်ကြရမှာပါ။ တကယ်လို့များ ဂိုးသမား တစ်ယောက်တည်းက အကောင်းဆုံးက စားသမားဆုကို ၂ နှစ်ဆက် သုံးနှစ်ဆက် ရနေပြီဆိုရင် ဒါဟာ အဲ့ဒီအသင်းတော့ တစ်စုံတစ်ခု မှားနေပြီဆိုတဲ့ သဘောပါပဲ။ ဒါကြောင့် ဒီနှစ်မှာတော့ အကောင်းဆုံး ကစားသမားဆုကို ဒီဂီယာ ရသွားတာမျိုးကို ကျွန်တော် ထပ်မမြင်လိုတော့ပါဘူး” ဟု မှတ်ချက်ပေးသွားခဲ့သည်။

မော်ရင်ညိုသည် ဂိုးသမားတစ်ယောက်အတွက် အဖြစ်သင့်ဆုံးမှာ တစ်နှစ်တာ အကောင်းဆုံး ဂိုးသမားဆု (ရွှေလက်အိတ်ဆု) ကို ဆွတ်ခူးရယူနိုင်ခြင်းပင် ဖြစ်ကြောင်း သုံးသပ်သွားခဲ့ပြီး ဒီဂီယာ ယင်းသို့ အောင်မြင်စေရန်အတွက် ၎င်းဘက်က အစွမ်းကုန် ကူညီသွားမည်ဟုလည်း မော်ရင်ညိုက ပြောကြားထားသည်။

မော်ရင်ညိုသည် မန်ယူက ဝက်စ်ဟမ်းကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ဒီဂီယာ၏ စွမ်းဆောင်ရည်ကြောင့်သာ အသင်းအနေနှင့် အနိုင်သုံးမှတ်ကို ရယူနိုင်ခဲ့ခြင်း ဖြစ်ကြောင်း ဝန်ခံခဲ့ပြီး ဝက်စ်ဟမ်းကွင်းလယ်ကစားသမား အန်တိုနီယို၏ တစ်ဦးချင်း ရင်ဆိုင်အပိုင်ကန်သွင်းချက်ကို ဒီဂီယာ ကာကွယ်နိုင်ခြင်း မရှိခဲ့ပါက မန်ယူအတွက် အနိုင်ရလဒ် ရရှိရန်မှာ လွန်စွာခက်ခဲသွားနိုင်ကြောင်းလည်း မော်ရင်ညိုက ဝန်ခံထားသည်။