News

POST TYPE

SPORTS

ဖီဖာက ချီးမြှင့်မည့် The Best ဆုတံဆိပ်ကို ဝေဖန်
ဇူးရစ်ခ်ျ၊ ဇန်နဝါရီ ၇

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) သည် မနက်ဖြန် (ဇန်နဝါရီလ ၉ ရက်) တွင် ဖီဖာရုံးချုပ် အခြေစိုက်ရာ ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်ခ်ျမြို့တွင် အခမ်းအနားဖြင့် ပေးအပ်ချီးမြှင့်မည့် The Best ဆုတံဆိပ်ကို ထုတ်ပြန်ပြသလိုက်ပြီဖြစ်ရာ ယင်းဆုတံဆိပ်ကို ကမ္ဘာတစ်လွှားရှိ ဘောလုံးပရိသတ်များက ဝေဖန်မှုများ ရှိနေကြောင်း Daily Star က ဖော်ပြထားသည်။

ဖီဖာသည် ၎င်းတို့ပေးအပ်ချီးမြှင့်မည့် The Best ဆုကို ငွေရောင်ဖြင့် သွန်းလုပ်ထားပြီး ဆုတံဆိပ်အရွယ်အစားမှာ အမြင့် ၃၁၀ မီလီမီတာ၊ အလေးချိန် ၆ ဒသမ ၄ ကီလိုဂရမ် ရှိကြောင်း ဖီဖာက အသိပေးထားသည်။

ဖီဖာသည် အဆိုပါ ဆုတံဆိပ်ကို လေယာဉ်တည်ဆောက်ရေး စက်ရုံတစ်ခုတွင် သွန်းလုပ်ခဲ့ခြင်း ဖြစ်ကာ ဆုတံဆိပ်၏ထိပ်တွင် ဘောလုံးသမိုင်းကြောင်းကို ကိုယ်စားပြုသည့် ဘောလုံးသဏ္ဌာန် ထွင်းထုထားကြောင်း ဖီဖာက ရှင်းပြထားသည်။

ဖီဖာသည် ဖီဖာတစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ၁၉၉၅ ခုနှစ်က စတင်၍ ပေးအပ်ချီးမြှင့်ခဲ့ခြင်း ဖြစ်ပြီး လွန်ခဲ့သည့် ၂၀၁၀ ခုနှစ်၌ France Football မဂ္ဂဇင်းနှင့် အကျိုးတူ ပူးပေါင်းကာ ဖီဖာတစ်နှစ်တာ အကောင်းဆုံးဆုကို ဘလွန်းဒီအော်ဆု (ရွှေဘောလုံးဆု) အဖြစ် ဖီဖာက ချီးမြှင့်ခဲ့သေးသည်။

France Football သည် လက်ရှိ ၂၀၁၇ ခုနှစ်တွင် ဖီဖာနှင့် အကျိုးတူ ပူးပေါင်းမှုကို ဖျက်သိမ်း၍ ဘလွန်းဒီအော်ဆုကို ၎င်းတို့၏ တစ်ဦးတည် မူပိုင်ဆုတံဆိပ်တစ်ခုအဖြစ် ခွဲထွက်ရပ်တည်သွားခဲ့ပြီ ဖြစ်ကာ ယင်းအတွက် ဖီဖာကလည်း ၎င်းတို့ပေးအပ်ချီးမြှင့်မည့် တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို The Best ဆုဟု အမည်နာမ ပြောင်းလဲပစ်လိုက်ခြင်း ဖြစ်သည်။

တွစ်တာလူမှုကွန်ရက် အသုံးပြုသူများသည် The Best ဆုတံဆိပ်ကို သက်ငယ်တန်း ယူ-၁၂ ပြိုင်ပွဲများတွင် ပေးအပ်ချီးမြှင့်သည့် ဆုဖလားနှင့် တူညီနေသည်ဟု ပြက်ရယ်ပြုထားပြီး ငွေရောင်ဟူသည်မှာ အောင်မြင်မှုကို ကိုယ်စားပြုသည့် အရောင်မဟုတ်ဟုလည်း ၎င်းတို့က မှတ်ချက်ပြုထားသည်။

Amit Katwala တွစ်တာအကောင့်ပိုင်ရှင်ကလည်း The Best ဆုတံဆိပ်မှာ စမတ်ဖုန်းများတွင် ထည့်သွင်းကစားနိုင်သည့် ဘောလုံးဂိမ်းများ၌ ပေးအပ်ချီးမြှင့်သည့် ဆုဖလားနှင့် ပုံသဏ္ဌာန်ချင်း ဆင်တူနေသည်ဟု ထောက်ပြထားပြီး ၂၀၁၆ ခုနှစ် စွမ်းဆောင်ရည်များအတွက် ပေးအပ်ချီးမြှင့်မည့် အဆိုပါ ဖီဖာတစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု(The Best ဆု) ကို ရရှိရန် ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး စီရော်နယ်ဒိုက ထိပ်ဆုံးနေရာ၌ ရေပန်းစားနေသည်။

ဖီဖာတစ်နှစ်တာ အကောင်းဆုံးကစားသမားဆ (The Best ဆု) ၏ နောက်ဆုံးအဆင့် ဆန်ခါတင် ကစားသမားသုံးဦး စာရင်းတွင် ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး စီရော်နယ်ဒို၊ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီနှင့် အက်သလက်တီကို တိုက်စစ်မှူး ဂရစ်ဇ်မန်းတို့ ပါဝင်လျက်ရှိသည်။