News

POST TYPE

SPORTS

နာဆရီကို စပိန်တားမြစ်ဆေး အေဂျင်စီ စစ်ဆေး၊ လေးနှစ် ပွဲပယ်ပြစ်ဒဏ် ကျခံရဖွယ်ရှိ
08-Jan-2017 tagged as စပိန်

ဆီဗီးလ်၊ ဇန်နဝါရီ ၇

စပိန် တားမြစ်ဆေး ဆန့်ကျင်ရေး အေဂျင်စီသည် ဆီဗီလာ ကွင်းလယ်ကစားသမား နာဆရီကို အမေရိကန်ပြည်ထောင်စု လော့စ်အိန်ဂျလိစ်မြို့ရှိ Drip Doctors ဆေးခန်းတွင် အကြောဆေး ထိုးသွင်းကုသမှု ခံယူခဲ့သည့် ဖြစ်စဉ်အတွက် စုံစမ်းစစ်ဆေးနေပြီ ဖြစ်ကာ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားခဲ့ပါက နာဆရီမှာ လေးနှစ် ပွဲပယ်ပြစ်ဒဏ် ကျခံသွားရလိမ့်မည် ဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။

နာဆရီသည် Drip Doctors ဆေးခန်းတွင် အားဆေးသွင်းခဲ့ခြင်း (အရပ်အခေါ် ပုလင်းကြီး ချိတ်သည်ကို ဆိုလိုခြင်း ဖြစ်သည်) တွင် ကမ္ဘာ့တားမြစ်ဆေး အေဂျင်စီက သတ်မှတ်ထားသည့် ဥပဒေကို ဖောက်ဖျက်ခဲ့သည်ဟု စွပ်စွဲခံထားရပြီး လက်ရှိတွင် နာဆရီ၏ ဆေးကုသမှုဆိုင်ရာ အသေးစိတ် အချက်အလက်များကို Drip Doctors ထံမှ တောင်းယူထားပြီ ဖြစ်ကြောင်း စပိန်တားမြစ်ဆေး ဆန့်ကျင်ရေး အေဂျင်စီက ထုတ်ပြန်ကြေညာထားပြီ ဖြစ်သည်။

အသက် ၂၉ နှစ် အရွယ်ရှိ နာဆရီသည် ရေဓာတ်ဆုံးရှုံးမှု သက်သာစေရန်အတွက် ယင်းကုထုံးကို ခံယူခဲ့ခြင်းဖြစ်ကာ အားဆေးသွင်းရာတွင် တစ်လီတာ ပမာဏကို တစ်ကြိမ်တည်းနှင့် သွင်းခဲ့သည့်အတွက် နာဆရီကို စစ်ဆေးရန် စီစဉ်လိုက်ခြင်း ဖြစ်ပါကြောင်း စပိန်တားမြစ်ဆေး ဆန့်ကျင်ရေး အေဂျင်စီ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းပြောကြားထားသည်။

ကမ္ဘာ့တားမြစ်ဆေး အေဂျင်စီသည် အားကစားလောကတွင် လက်ရှိ ကျင်လည်ဖြတ်သန်းနေသည့် ကစားသမားများ အနေနှင့် အကြောတွင်းသို့ အားဆေးထိုးသွင်းရာတွင် တစ်ကြိမ်၌ ငါးဆယ်မီလီလီတာ ပမာဏသာ ခွင့်ပြုထားပြီး ယင်းသို့ ထိုးသွင်းမှုကို ခြောက်နာရီခြား တစ်ကြိမ်သာ လုပ်ဆောင်ရမည်ဟုလည်း ကမ္ဘာ့တားမြစ်ဆေး အေဂျင်စီက ဥပဒေ သတ်မှတ်ထားသေးသည်။

ကမ္ဘာ့တားမြစ်ဆေး အေဂျင်စီသည် ခွဲစိတ်ကုသမှုများနှင့် အရေးပေါ် အခြေအနေများတွင်မူ အကြောဆေး ထိုးသွင်းမှုကို ဆရာဝန်များ၏ ခွင့်ပြုချက်ဖြင့် လုပ်ဆောင်နိုင်ကြောင်း ခြွင်းချက်ပေးခွင့် ပြုထားကာ နာဆရီမှာ ယင်းကုထုံးကို လွန်ခဲ့သည့် ဒီဇင်ဘာလ ၂၈ ရက်နေ့၌ ခံယူခဲ့ခြင်း ဖြစ်သည်။

နာဆရီသည် လက်ရှိတွင် မန်စီးတီးမှနေ၍ ဆီဗီလာထံသို့ တစ်ရာသီ သက်တမ်းစာချုပ်ဖြင့် အငှားလာရောက်ကစားနေခြင်း ဖြစ်ကာ ၎င်းမှာ တစ်ပတ်လုပ်ခလစာ အကျိုးခံစားခွင့်အဖြစ် ပေါင်တစ်သိန်း ရရှိနေသည်။ နာဆရီနှင့် မန်စီးတီး အသင်းအကြားရှိ စာချုပ်သည် ၂၀၁၉ ခုနှစ် ဇွန်လတွင် သက်တမ်းကုန်ဆုံးမည် ဖြစ်သည်။