News

POST TYPE

SPORTS

အာဆင်နယ်၏ စွမ်းဆောင်ရည်ကို အွန်နရီ ဝေဖန်
06-Jan-2017 tagged as အာဆင်နယ်

လန်ဒန်၊ ဇန်နဝါရီ ၅

အာဆင်နယ်အသင်း တိုက်စစ်မှူးဟောင်း သီယာရီအွန်နရီသည် ဘုန်းမောက်နှင့် အာဆင်နယ်တို့ တစ်ဖက်သုံးဂိုးစီ သရေကျခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် အာဆင်နယ်ကစားသမားများ၏ အားထုတ်မှုကို ဝေဖန်ပြစ်တင်သွားခဲ့ကာ လက်ရှိခြေစွမ်းမျိုးဖြင့် ပရီးမီးယားလိဂ် ချန်ပီယံဆုကို စိန်ခေါ်နိုင်ရန်မှာ မလွယ်ကူကြောင်းလည်း အွန်နရီက သုံးသပ်ထောက်ပြသွားခဲ့သည်ဟု Sky Sports က ဖော်ပြထားသည်။

အာဆင်နယ်သည် ဘူန်းမောက်နှင့် ယှဉ်ပြိုင်ခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် သုံးဂိုးပြတ် အရေးနိမ့်နေခဲ့သည့်အခြေအနေမှ ရုန်းထွက်၍ နောက်ကလိုက်ကာ ချေပဂိုးသုံးဂိုး ပြန်လည်သွင်းယူနိုင်ခဲ့သော်လည်း ပွဲစဉ်တစ်ခုလုံးကို ခြုံငုံသုံးသပ်မည် ဆိုပါက အာဆင်နယ်၏ ကစားပုံမှာ နောက်ဆုံးမိနစ် ၃၀ သာ ကောင်းမွန်ခဲ့သည်ကို မြင်တွေ့ကြရလိမ့်မည် ဖြစ်ကြောင်း အွန်နရီက မှတ်ချက်ပြု ပြောကြားသွားခဲ့သည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် အွန်နရီက “နောက်ဆုံးမိနစ် ၃၀ မှာတော့ တကယ့်ကို ကောင်းမွန်တဲ့ အာဆင်နယ်ရဲ့ဝိသေသ လက္ခဏာတွေကို ကျွန်တော်တို့ မြင်တွေ့ရှုစားခဲ့ကြရပါတယ်။ အဲ့ဒီမှာတင် မေးစရာ မေးခွန်းတစ်ခု ရှိလာပါပြီ။ ပွဲစကတည်းက အဲ့ဒီလိုမျိုး ကောင်းကောင်းမွန်မွန်နဲ့ ဘာကြောင့် မကစားခဲ့ကြသလဲ ဆိုတာပါပဲ” ဟု ပြောကြားသွားခဲ့သည်။

အွန်နရီသည် အာဆင်နယ်အနေနှင့် ပရီးမီးယားလိဂ် ချန်ပီယံပြေးလမ်းအတွင်းတွင် ရပ်တည်လိုပါက ဘုန်းမောက်အသင်းပိုင် ဗိုင်တယ်လီတီဘောလုံးကွင်းကဲ့သို့ နေရာမျိုးတွင် နိုင်ပွဲအရယူနိုင်ရလိမ့်မည်ဟု အသိပေးသွားခဲ့ပြီး ဘုန်းမောက်နောက်ခံလူ ဖရန်ဆစ် အနီကတ် ပြသထုတ်ပယ်ခံလိုက်ရခြင်းက ယခုပွဲစဉ်တွင် အာဆင်နယ်အတွက် တတိယမြောက် ချေပဂိုး သွင်းယူနိုင်ရန် အထောက်အပံ့တစ်ခု ဖြစ်သွားခဲ့ကြောင်းလည်း အွန်နရီက သုံးသပ်ထားသည်။

အာဆင်နယ်က ခရစ္စတယ်ပဲလေ့စ်ကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် အသင်းအတွင် ကင်းမြီးကောက် ကန်ချက်ဖြင့် အလှပဆုံး သွင်းဂိုးတစ်ဂိုး ရယူပေးခဲ့သည့် အာဆင်နယ်တိုက်စစ်မှူး ဂျီရုဒ်သည် ဘုန်းမောက်နှင့်ပွဲတွင်လည်း အသင်းအတွက် အဖိုးတန် တတိယမြောက် ချေပဂိုးကို ပွဲကစားချိန် နာကျင်အချိန်ပို ၉၂ မိနစ်၌ ခေါင်းတိုက်ရယူပေးခဲ့ကာ အကယ်၍ ပွဲချိန်အနည်းငယ်သာ ထပ်မံကစားခွင့်ရဦးမည် ဆိုပါက ၎င်းတို့အနေနှင့် အဖိုးတန်အနိုင်ဂိုးကို ကျိန်းသေသွင်းယူနိုင်ခဲ့လိမ့်မည် ဖြစ်ကြောင်း ဂျီရုဒ်က ပြောကြားသွားခဲ့သည်။