News

POST TYPE

SPORTS

တင်းနစ်လောကကို အိုင်ဗန်နိုဗစ် ကျောခိုင်းစွန့်ခွာ
29-Dec-2016 tagged as တင်းနစ်

လန်ဒန်၊ ဒီဇင်ဘာ ၂၉

ကမ္ဘာ့အဆင့်တစ် တင်းနစ်မယ်ဟောင်းတစ်ဦး ဖြစ်သည့် ဆားဘီးယား တင်းနစ်မယ် အိုင်ဗန်နိုဗစ်သည် ကစားသမားဘဝက အနားယူပြီ ဖြစ်ကြောင်းကို သူမ၏ လူမှုကွန်ရက် စာမျက်နှာများက တစ်ဆင့် အတည်ပြု အသိပေးသွားခဲ့ကြောင်း BBC က ဖော်ပြထားသည်။

အိုင်ဗန်နိုဗစ်သည် ကစားသမားဘဝက အနားယူချိန်တွင် အသက် ၂၉ နှစ် အရွယ်သာ ရှိသေးကာ သူမအနေနှင့် ထိပ်တန်းအဆင့်၌ ကာလရှည်ကြာ ရပ်တည်နိုင်ရန် မလွယ်ကူတော့သည့် အခြေအနေတစ်ရပ်ကို ရင်ဆိုင်ကြုံဆုံလာခဲ့ရပြီ ဖြစ်သဖြင့် ယခုကဲ့သို့ ကစားသမားဘဝက အနားယူရန် ဆုံးဖြတ်ချက်ကို ချမှတ်လိုက်ရခြင်း ဖြစ်ပါကြောင်း အိုင်ဗန်နိုဗစ်က ရှင်းပြသွားခဲ့သည်။

အိုင်ဗန်နိုဗစ်သည် ဒဏ်ရာပြဿနာများကြောင့် ပြိုင်ပွဲများ ပါဝင်ကစားနိုင်ခြင်း မရှိတော့သည်မှာ လွန်ခဲ့သည့် သြဂုတ်လကတည်းကပင် ဖြစ်ပြီး လက်ရှိတွင် သူမ၏ ကမ္ဘာ့အဆင့် ရပ်တည်မှုမှာ အဆင့် ၆၃ သို့တိုင် ကျဆင်းရောက်ရှိသွားခဲ့ပြီလည်း ဖြစ်သည်။

အိုင်ဗန်နိုဗစ်သည် ၂၀၁၅ ခုနှစ်အတွင်း ပါဝင်ယှဉ်ပြိုင်ခဲ့သော တင်းနစ်ပြိုင်ပွဲများတွင် နိုင်ပွဲအရေအတွက် ၁၅ ပွဲသာ ပိုင်ဆိုင်ရရှိခဲ့ကာ ကစားသမားဘဝက အနားယူမည့် ဆုံးဖြတ်ချက်ကို သူမအနေနှင့် ခက်ခက်ခဲခဲ ချမှတ်လိုက်ရခြင်း ဖြစ်ပါကြောင်းလည်း အိုင်ဗန်နိုဗစ်က အသိပေးသွားခဲ့သေးသည်။

အိုင်ဗန်နိုဗစ်သည် သူမ၏ ကစားသမားဘဝ ဖြတ်သန်းမှုအတွင်း ၂၀၀၈ ခုနှစ်တွင် အမြင့်မားဆုံးသော အောင်မြင်မှုများကို ဆွတ်ခူးရယူနိုင်ခဲ့ကာ ယင်းနှစ်၌ ပြင်သစ်အိုးပင်းဂရင်းဆလင်း အမျိုးသမီးတစ်ဦးချင်း တင်းနစ်ပြိုင်ပွဲတွင် ချန်ပီယံဖြစ်ခဲ့ခြင်းနှင့်အတူ ကမ္ဘာ့အဆင့်တစ် နေရာ၌ အိုင်ဗန်နိုဗစ်က သီတင်းပတ် ၁၅ ပတ်ကြာ ရပ်တည်နိုင်ခဲ့ဖူးသည်။