News

POST TYPE

SPORTS

ဝင်ဘယ်လ်ဒန် ချန်ပီယံဟောင်း ကေဗီတိုဗာ ဓားထိုးခံရ
21-Dec-2016 tagged as တင်းနစ်

ပရပ်ဂ်၊ ဒီဇင်ဘာ ၂၀

ဝင်ဘယ်လ်ဒန် ဂရင်းဆလင်း တင်းနစ်ပြိုင်ပွဲတွင် ချန်ပီယံ နှစ်ကြိမ်ဖြစ်ခဲ့ဖူးသည့် ချက်တင်းနစ်မယ် ကေဗီတိုဗာသည် အိမ်ဖောက်ထွင်းသူက သူမကို ဓားဖြင့် ထိုးခဲ့သည့်အတွက် ဘယ်ဘက်လက်တွင် ထိခိုက် ဒဏ်ရာရကာ ဆေးကုသမှု ခံနေရကြောင်း Sportmail က ဖော်ပြထားသည်။

ကေဗီတိုဗာသည် ချက်နိုင်ငံ အရှေ့ပိုင်း ပရော့စ်တီဂျော့ဗ်မြို့ရှိ သူမ နေအိမ်တွင် ယခုဖြစ်ရပ်ဆိုးနှင့် ရင်ဆိုင်လိုက်ရခြင်းဖြစ်ပြီး နေအိမ်ကို ဖောက်ထွင်း ဝင်ရောက်လာသူက ၎င်းကို မြင်တွေ့ သွားခဲ့သည့် ကေဗီတိုဗာကို ဓားထုတ်၍ အန္တရာယ် ပြုခဲ့ခြင်းဖြစ်သည်ဟု သူမ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ကာရယ်လ်တက်ဂ်ျကယ်လ်က အသိပေးထားသည်။

တက်ဂ်ျကယ်လ်သည် ကေဗီတိုဗာ၏ ဒဏ်ရာမှာ အသက်အန္တရာယ် စိုးရိမ်စရာ မရှိကြောင်းလည်း ရှင်းပြသွားခဲ့ပြီး ယင်းဖောက်ထွင်းမှုမှာ ယမန်နေ့ (ဒီဇင်ဘာ ၂၀ ရက်)နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ချက်ရဲတပ်ဖွဲ့က အတည်ပြုထားပြီလည်း ဖြစ်သည်။

ကေဗီတိုဗာသည် လက်ရှိတွင် ခြေဖဝါးဒဏ်ရာကြောင့် အနား ယူနေရပြီး ဒဏ်ရာ အနည်းငယ် ပြင်းထန်သည့်အတွက် လာမည့် ဇန်နဝါရီလတွင် ကျင်းပမည့် ဟုပ်မန်း ဖလားပြိုင်ပွဲတွင် ချက်လက်ရွေးစင် တင်းနစ်အသင်းကို သူမ အနေနှင့် ကိုယ်စားပြု ကစားပေးနိုင်တော့မည် မဟုတ်ကြောင်းလည်း ကေဗီတိုဗာက အသိပေးထားသည်။

ကေဗီတိုဗာသည် လက်ရှိ ၂၀၁၆ ခုနှစ် နှစ်ဦးပိုင်းတွင် သူမ၏ချစ်သူ ချက်လက်ရွေးစင် ရေခဲပြင် ဟော်ကီ ကစားသမား ရာဒက်ခ်မိုင်ဒယ်လ်နှင့် လမ်းခွဲခဲ့ပြီး ကေဗီတိုဗာ၏ ကြွယ်ဝမှုမှာ ပေါင် ၁၂ သန်းဝန်းကျင်ရှိကြောင်း အားကစားလောက လေ့လာရေး စစ်တမ်းများက ဖော်ပြထားသည်။