News

POST TYPE

SPORTS

ရီးယဲမက်ဒရစ်ရဲ့ကစားသမားဖြစ်လာဖို့ စိတ်ကူးအိပ်မက်ရှိတယ်လို့ ပေါ့ဂ်ဘာပြော
09-Oct-2020

စပိန်ကလပ်အသင်း ရီးယဲမက်ဒရစ်အသင်းရဲ့ ကစားသမားတစ်ဦးဖြစ်လာဖို့ဆိုတာဟာ မိမိရဲ့ အိပ်မက်တစ်ခုဖြစ်တယ်လို့ မန်ချက်စတာယူနိုက်တက်(မန်ယူ)အသင်းရဲ့ ကွင်းလယ်ကစားသမား ပေါ်လ်ပေါ့ဂ်ဘာက ဝန်ခံပြောကြားလိုက်ပါတယ်။

တစ်နေ့နေ့ တစ်ချိန်ချိန်မှာ စပိန်အသင်းကြီး ရီးယဲမက်ဒရစ်ရဲ့ ကစားသမားတစ်ဦးဖြစ်လာဖို့ စိတ်ကူးအိပ်မက်ရှိကြောင်း မန်ယူရဲ့ကွင်းလယ်လူ ပေါလ်ပေါ့ဂ်ဘာက ဆိုပါတယ်။

အဲဒီလို ရီးယဲအသင်းရဲ့ကစားသမားဖြစ်ချင်တယ်ဆိုပေမယ့်လည်း မိမိအနေနဲ့ မန်ချက်စတာယူနိုက်တက်အတွက် လုပ်နိုင်သမျှအားလုံးလုပ်သွားမှာဖြစ်တယ်လို့ ပေါ့ဂ်ဘာက ပြောပါတယ်။

ပြင်သစ်ကစားသမားပေါ့ဂ်ဘာဟာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်၊ မန်ယူကို ပြန်လည်ဝင်ရောက်လာတဲ့အချိန်ကတည်းက အသင်းကထွက်မယ့်ဆိုတဲ့သတင်းတွေထဲမှာ အမြဲတမ်းပါဝင်ခဲ့တဲ့ကစားသမားတစ်ဦးပါ။

မန်ချက်စတာယူနိုက်တက်နဲ့ ပေါ့ဂ်ဘာတို့အကြားချုပ်ဆိုထားတဲ့ ကန်ထရိုက်စာချုပ်ဟာ ဒီနှစ်နွေရာသီမှာ ကုန်ဆုံးမှာဖြစ်ပါတယ်၊ ဒါပေမဲ့လည်း မန်ယူအနေနဲ့ နောင်လာမယ့် ၂၀၂၂ ခုနှစ် မတိုင်ခင်အထိသက်တမ်းထပ်တိုးထားနိုင်ပါတယ်။

ပေါ့ဂ်ဘာကတော့ စာချုပ်သက်တမ်းတိုးမယ့်ကိစ္စနဲ့ပတ်သက်ပြီး အသင်းနဲ့ ဆွေးနွေးပြောဆိုတာတွေမပြုလုပ်ရသေးပါဘူးလို့ဆိုပါတယ်။

“ကျွန်တော့်ကို ဘယ်သူကမှဘာမှမပြောဘူး။ မန်ယူရဲ့ ဒုဥက္ကဌ အက်ဒ်ဝုဒ်ဝါ့ဒ်နဲ့လည်း ကျွန်တော်စကားမပြောရသေးဘူး။ စာချုပ်အသစ်ထပ်ချုပ်ဆိုဖို့ ကျွန်တော်တို့ဘာမှမပြောရသေးပါဘူး” ဟု သူကပြောပါတယ်။

နောက်ပြီးတော့ “လောလောဆယ်မှာတော့ ကျွန်တော်ဟာ မန်ချက်စတာယူနိုက်ပါပဲ၊ အသင်းမှာ ကျွန်တော့်ရဲ့အကောင်းဆုံးပုံစံပြန်ရဖို့ပဲ ကျွန်တော်အာရုံစိုက်နေပါတယ်” ဟု ဆိုပါတယ်။