News

POST TYPE

SPORTS

ပီအက်ဖ်အေ တစ်နှစ်တာအကောင်းဆုံး လူငယ်ကစားသမားဆုကို အာနိုး ဆွတ်ခူး
10-Sep-2020


လီဗာပူး၊ စက်တင်ဘာ ၉

၂၀၁၉-၂၀ ဘောလုံးရာသီအတွက် ပီအက်ဖ်အေတစ်နှစ်တာ အကောင်းဆုံးလူငယ်ကစားသမားဆုကို လီဗာပူးညာ နောက်ခံလူ အာနိုးက ဆွတ်ခူးခဲ့ကြောင်း Dailymail ကဖော်ပြခဲ့သည်။ 

အသက် ၂၁ အရွယ်နောက်ခံလူသည် ယင်းဆုအတွက် ဒင်းဟန်ဒါဆန်၊ ရက်ရှ်ဖို့ဒ်၊ မာရှယ်၊ ဂရင်းဝုဒ်၊ မေဆန်မောင့်၊ ပူလီဆစ်၊ ဂျက်ဂရီလစ်ရှ်တို့နှင့်အပြိုင် ရေပန်းစားခဲ့သူဖြစ်သည်။ 

၂၀ဝ၁ ခုနှစ်အတွင်း စတီဗင်ဂျရတ် ရရှိပြီးနောက်ပိုင်း ယင်းဆုကိုရယူနိုင်ခဲ့သည့်ပထမဆုံး လီဗာပူးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ 

အာနိုးသည် ပြီးခဲ့သည့်ဘောလုံးရာသီအတွင်း လီဗာပူးအသင်းနှင့်အတူ ပရီးမီးယားလိဂ်ပွဲစဉ်တိုင်း ပါဝင်ကစားခဲ့သူလည်းဖြစ်သည်။ 

၄င်းသည် လီဗာပူးအသင်းအတွက် သွင်းဂိုး ၄ ဂိုးနှင့် ဖန်တီးမှု ၁၃ ကြိမ် ပြုလုပ်ခဲ့ပြီး ဒီဘရူနေးပြီးနောက် ဂိုးဖန်တီးမှုအများဆုံး ကစားသမားအဖြစ် ရပ်တည်ခဲ့သည်။ 

"ချန်ပီယံဆုဖလား ရယူမှုမှာ တစ်စိတ်တစ်ပိုင်း ပါဝင်ခွင့်ရခဲ့ပြီး အခုလို ဆုရရှိတာက ကျွန်တော့်မိသားစုအတွက် မယုံကြည်နိုင်စရာပါပဲ။ ဒါဟာ ကျွန်တော်တို့အတွက် အမြဲတမ်းဂုဏ်ယူနေရမယ့် အရာတစ်ခုပါ။ ဆန့်ကျင်ဘက်ကစားသမားတွေက မဲပေးတဲ့ဒီဆုကို ရရှိတာဟာ ကွင်းအတွင်းက ခြေစွမ်းကို လေးစားတန်ဖိုးထားရာကျပါတယ်။ ကျွန်တော့်ကို မဲပေးခဲ့ကြတဲ့ သူတွေအားလုံးကို ကျေးဇူးအထူးတင်ပါတယ်" ဟု အာနိုးက ပြောဆိုခဲ့သည်။

ငြိမ်းပြည့်