News

POST TYPE

SPORTS

ကစားသမားများ၏ ကြိုးစားမှုကြောင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်ဟု ရှမ်းယူနိုက်တက်အသင်း နည်းပြပြောကြား
10-Sep-2020


ရန်ကုန်၊ စက်တင်ဘာ ၉

မြန်မာလိဂ် ပွဲစဉ် (၁၄) တွင် ဟံသာတီယူနိုက်တက်အသင်းကို အနိုင်ရရှိသည့်ပွဲစဉ်တွင် ကစားသမားများ၏ကြိုးစားမှုကြောင့် အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး လက်ရွေးစင်ကစားသမားများကို ပိုင်ဆိုင်ထားရခြင်းမှာ ပိုမိုကောင်းမွန်သည်ဟု ရှမ်းနည်းပြချုပ် ဦးအောင်နိုင်ကပြောသည်။

စက်တင်ဘာ ၇ ရက်က ယှဉ်ပြိုင်ခဲ့သည့် အဆိုပါပွဲတွင် ရှမ်းယူနိုက်တက်အသင်းက ဟံသာဝတီယူနိုက်တက်ကို ကစားသမားတစ်ယောက်အသာနှင့် ၄-၂ ဂိုးဖြင့် အနိုင်ရရှိကာ ရမှတ်ကျဉ်းမြောင်းအောင် စွမ်းဆောင်နိုင်ခဲ့သည်။

ရှမ်းယူနိုက်တက်အသင်းသည် လက်ရှိတွင် အဆင့် ၄ နေရာ၌ ရပ်တည်နေသော်လည်း ချန်ပီယံမျှော်လင့်ချက်ရှိနေသေးခြင်းကြောင့် လက်ကျန်ပွဲစဉ်များကို အနိုင်ရရှိရန် တစ်ပွဲချင်း အာရုံစိုက်ကစားသွားမည်ဖြစ်ကြောင်း နည်းပြချုပ်ကဆိုသည်။

"လက်ရွေးစင်အဆင့် ကစားသမား ကောင်းတွေအများကြီး ပိုင်ဆိုင်ထားတာက ကျွန်တော့်အတွက် လုပ်ကိုင်ရပိုလွယ်ကူစေပါတယ်။ ဒုတိယပိုင်းမှာ လူစားလဲပြီးကစားအား အတင်အချကိုစိတ်ကြိုက် လုပ်လို့ရတာက အားသာချက်ပါ ဒီလို ပွဲနိုင်တယ်ဆိုတာ ကစားသမားတွေ ကောင်းလို့ဖြစ်လာတာပါ။ သူတို့က အရမ်းကြိုးစားတာ ကျွန်တော်တို့က တတ်နိုင်သမျှလေ့ကျင့်ပေးတယ်။ ကစားသမားတွေကလည်း ရသလောက် လိုက်လုပ်တယ်။ အပြည့်အဝ မဟုတ်ရင်တောင်ရသမျှ လိုက်လုပ်တယ်။ ဒီရလဒ်ကို ကျေနပ် ပါတယ်" ဟု ဦးအောင်နိုင်ကပြောသည်။

ရှမ်းယူနိုက်တက်အသင်းသည် မြန်မာလိဂ် ပွဲစဉ်(၁၅)အဖြစ် မကွေးအသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး မြန်မာလိဂ်ပြန်လည်စတင်ချိန်မှ ပွဲစဉ်(၁၄)အထိ ငါးပွဲဆက်အနိုင်ရရှိထားခြင်းကြောင့်  မကွေးအသင်းကိုလည်း အနိုင်ရရှိရန် ကြိုးစားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ပွဲစဉ်(၁၄)အပြီးတွင် ရှမ်းယူနိုက် တက်အသင်းသည်ရမှတ် ၂၆ မှတ်ရရှိ ထားပြီး အမှတ်ပေးဇယား ပထမနေရာမှ  ဟံသာတီယူနိုက်တက်နှင့် ရမှတ်လေးမှတ် ကွာဟနေသေးသည်။             

ချစ်ဝိုင်း